Monday, July 30, 2012
နယ်စပ်ဒေသရှိ ကချင်စစ်ပြေးဒုက္ခသည်များ မှီခိုနေရသော တရုတ်ဆေးဝါးများမှာ ကုသရာတွင် ထိရောက်မှုမရှိ
လိုက်ဇာဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေသခံတစ်ဦး။ ဓာတ်ပုံ-ကောင်းထက်
ကေအိုင်အိုထိန်းချုပ်ရာဒေသရှိ ကချင် စစ်ပြေးဒုက္ခသည်များ မှီခိုနေရ သော တရုတ်ဆေးဝါးများမှာ ကုသရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင် ကြောင်း လိုင်ဇာမြို့ရှိ လိုက်ဇာဆေးရုံ အုပ်ချုပ်ရေးမှူးက ပြောသည်။
"တိုက်ပွဲတွေ စဖြစ်ကတည်းက ဆေးဝါးတွေ ဒီဘက်ကနေသယ်လို့ မရ တော့ဘူး။ မြစ်ကြီးနား-ဗန်းမော် လမ်း ပိတ်ကတည်းက လုံးဝပြတ်သွား တာပဲ"ဟု အုပ်ချုပ်ရေးမှူး ဦးလျန်ဟိန်းက လိုက်ဇာမြို့တွင်ဇူလိုင်လ ၈ ရက်နေ့က ပြောသည်။
"တရုတ်ဆေးတွေက မတည့်တာတွေလည်းရှိတယ်။ ဘူးမှာတော့ သူ့ဂရမ်အရ တော့ဒီဘက်က ထိုင်း- မြန်မာ- အိန္ဒိယ ဆေးတွေနဲ့ တူတယ် လို့ ရေးထားတယ်။ ဒါပေမယ့် ကုလိုက်ရင် မပျောက်ဘူး" ဟု ၎င်းက ပြောကြားသည်။
လိုင်ဇာဆေးရုံမှာ တိုက်ပွဲစတင်ဖြစ် ကတည်းက စစ်ပြေးဒုက္ခသည်များအား စတင်ကုသပေးလျက်ရှိကာ ဆေးရုံလူနာ၏ ၈၀ ရာခိုင်နှုန်း မှာ စစ်ပြေးဒုက္ခသည် လူနာများဖြစ်ကြောင်းလည်း ဦးလျန်ဟိန်းက ပြောသည်။
တရုတ်ဆေးဝါးများ သုံးစွဲရာတွင်လည်း ဆေးကတ်နှင့် အညွှန်းတွင် တရုတ်စာဖြင့်သာ ရေးသားထားသဖြင့် ဆေး၏ ဘေးထွက် ဆိုးကျိုး များအား မသိနိုင်ဘဲ မှန်းဆကုသနေရသဖြင့် ရေရှည် တွင် လူနာများအတွက် ဆိုးကျိုးများလည်း ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
"အရင်တိုက်ပွဲမဖြစ်ခင်က နည်းနည်း စီသယ်လို့ရတယ်။ ဒါပေမယ့် အဲဒီတုန်း ကလည်းတွေ့ရင်တော့ ဖမ်းတာပဲ။ ခုကတော့ လုံးဝကို သယ်လို့မရတော့တာ။ "မရှိတော့လည်း သုံးနေရတာပဲ။အခက်အခဲကြားထဲက မဖြစ်ဖြစ်အောင် လုပ်နေရတာပဲ။ အကူအညီတွေအများ ကြီးလိုတယ်" ဟု ၎င်းက ပြောသည်။
ဆေးရုံတွင် ဆရာဝန်ဟူ၍မရှိဘဲ Licensed Medical Basic ဆိုသော တရုတ်ပြည်မှ အခြေခံဆေးသင်တန်းဆင်း ဆေးဆရာ ၁၉ ယောက်နှင့် သူနာပြု ၄၀ ရှိကာ တစ်ရက်လျှင် အတွင်းလူနာ ၅၀ နှင့် ပြင်ပလူနာ ၄၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။ ပြည်တွင်းမှ ဆေးဝါးများရရှိရန် အတွက် တရုတ်ပြည်နယ်စပ်မှ တစ်ဆင့် နည်းနည်းစီ သယ်ယူပါက ရရှိနိုင် ကြောင်းလည်း ပြောသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနား- ဗန်းမော်လမ်းမှာ တိုက်ပွဲများကြောင့် သွားလာမှုမရသည့်အတွက် ကေအိုင်အို ထိန်းချုပ်ရာ ဒေသများ ဖြစ်သော လိုင်ဇာနှင့် အခြားဒေသများသို့ သွားရောက်ရန် အတွက် မူဆယ်မှ တရုတ်ပြည်သို့ ၀င် ရောက်ကာ ထိုမှတစ်ဆင့် ကချင်ပြည် နယ်သို့ ပြန်လည်ဝင်ရောက်ရပြီး လမ်းတစ်လျှောက်တွင် တရုတ်ရဲအရာရှိ များ၏ စစ်ဆေးမှုများမကြာခဏရှိကာ ဆေးဝါးများ တွေ့ရှိ ပါက သိမ်းယူမှုများ ပြုလုပ်နေသည်။
"နည်းလမ်းရှာရင်တော့ ရမှာပါ။ အရေအတွက်အများကြီး မဟုတ်ဘဲ အိတ်တစ်အိတ်၊ ဂျက်ဖာတစ်ဖာလောက် သယ်ရင်တော့ ရနိုင် တယ်" ဟု ဦးလျန်ဟိန်းက ပြောသည်။ ဆေးရုံတွင် တက်ရောက်နေသောလူ နာအများစုမှာ ငှက်ဖျား၊ တီဘီနှင့် နာတာရှည် ရောဂါများ အပြင် မိုင်းထိ၍ ညာဘက်ခြေထောက်အား ဒူးအောက်မှ ဖြတ်လိုက်ရသော အသက် ၇၅ နှစ်အရွယ် လီဆူးအဘွားအိုတစ်ဦးနှင့် လက်ဗစ်ဗုံး ထိထားသော လူနာတစ်ဦးလည်း ပါဝင်သည်။
ဆက်လက်၍ ဦးလျန်ဟိန်းက ကြက်ခြေနီအမှတ်တံဆိပ်ဖြင့် ဆေးဝါး များတင်ဆောင်ထားသော ယာဉ်တစ်စီး လိုင်ဇာသို့ ရောက်ရှိလာ သော်လည်း ပါလာသည့် ဆေးဝါးများအားလုံး ပြန်လည် သယ်ဆောင်သွားခဲ့ရကြောင်း ပြောသည်။
"ကြက်ခြေနီအမှတ်တံဆိပ်ဆိုတာက တရားဝင်အဖွဲ့အစည်းတွေလေ။ သူတို့ အနေနဲ့ ဒီဘက်က ကေအိုင်အိုထိန်းချုပ် တဲ့ဒေသတွေမှာ တရားဝင်ကူညီလို့မရ ဘူးဆိုတဲ့ သဘောပဲဖြစ်မှာပါ"ဟု ဦးလျန် ဟိန်းက ပြောသည်။
"စစ်ပွဲဆိုတာ မကောင်းဘူးဆိုတာ အားလုံးသိတာပဲ။ ဒါပေမယ့် ခုလို သွေးထွက်သံယိုမဟုတ်ဘဲ ဆွေးနွေးမှု တွေ ပြုလုပ်စေချင်တယ်။ အေးချမ်းတဲ့ နိုင်ငံပဲဖြစ်စေချင်တယ်"ဟု ဦးလျန်ဟိန်း က ပြောသည်။
ဦးအောင်သိန်းလင်း၏ တရုတ်သတင်းစာနှင့် အင်တာဗျူး အပေါ် နိုင်ငံရေးသမားများ တုံ့ပြန်ပြောကြား
ဧရာဝတီမြစ်ဆုံစီမံကိန်းအား နိုင်ငံတော် ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း ရန် ပြန်လည်စတင်လိုကြောင်း အပါ အ၀င် သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ သဘောထား စသည်တို့ အပေါ် ၎င်း၏သဘောထားများကို ပွင့်လင်းစွာ ပြောကြားခဲ့သည့် ဦးအောင် သိန်းလင်းကို ပြည်သူများက ဝေဖန်မှုများ ထွက်ပေါ်လာသော်လည်း ယင်းအင်တာဗျူးသည် ဘာသာပြန်ဆိုမှုများဖြစ်သည့် အတွက် မည်မျှမှန်ကန်မည်ကို မသိနိုင် ၍ ပြောဆိုရန်ခက်ခဲကြောင်း နိုင်ငံရေး သမားများက ပြောသည်။ "ဒါက သူ့သဘောထားကို သူပြောတာ ပေါ့။ ကိုယ့်ယုံကြည်ရာကို ပြောပိုင်ခွင့်ရှိပါ တယ်။ ဒါပေမယ့် မြစ်ဆုံဆည်ကိစ္စကတော့ ပြန်စ ချင်တယ်ဆိုရင် သေချာပြန် ဆွေးနွေးကြဖို့ လိုလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ သိထားသလောက်က တော့ ပြန်မစသင့်ဘူးပေါ့" ဟု ဒီမိုကရက် ပါတီ(မြန်မာ)၏ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
မြစ်ဆုံဆည်စီမံကိန်းအား ပြည်သူ လူထု၏ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတက ဆိုင်းငံ့ခဲ့သော်လည်း ယင်း ဆုံးဖြတ်ချက်မှာ နိုင်ငံတော်သမ္မတ တစ်ဦးတည်း၏ ဆုံးဖြတ်ချက်သာဖြစ် ကြောင်း၊ လွှတ်တော်၏ ဆုံးဖြတ်ချက် မဟုတ်သည့်အတွက် လက်မခံ ကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ် သူ ပြည်သူ့လွှတ်တော်အမတ် ဦးအောင် သိန်းလင်းက ပြောကြားခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က တရုတ်ဘာသာဖြင့် ထွက်ရှိသော Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဖော်ပြ ထားသည်ဟု ဆိုသည်။
"ကျွန်တော်တို့ နိုင်ငံအတွက် စဉ်းစား ရင် ပြန်ဆောက်ရမှာပေါ့။ လျှပ်စစ် ဓာတ်အားလိုအပ်ချက်က မြန်မာနိုင်ငံ အတွက် ရေရှည်ပြဿနာတစ်ခုပဲ"ဟု ဦးအောင်သိန်းလင်းက ဖြေကြားခဲ့သည် ဟု ဆိုသည်။
"ဘာသာပြန်တာ ဘယ်လောက် တိကျလဲဆိုတာမသိပေမယ့် ကြားလိုက်ရ တဲ့အချိန်မှာ အံ့ဩသွားတယ်။ သူ့အနေနဲ့ ပါတီနဲ့ လွှတ်တော်မှာ အရေးကြီးတဲ့ တာဝန်တွေကို ယူထားတဲ့သူလေ။ တကယ်လို့ ဒါတွေကို သူပြောတာ မှန်တယ်ဆိုရင် လူထုကို သူ ရင်ဆိုင် ရမှာပေါ့။ တစ်ခါတစ်ရံမှာ ကိုယ်လိုရာဆွဲတွေးပြီး ဘာသာပြန်လိုက်တာမျိုးလည်းရှိတယ်။
"မြစ်ဆုံကတော့ ရေတိုရေရှည် ထိန်း သိမ်းဖို့လိုနေတာဆိုတော့ ပြန်စဖို့ဆိုတာ လက်မခံနိုင်ဘူး။ ပြီးတော့ သမ္မတကိုယ်တိုင် ရပ်ထား သလို ပြည်သူအားလုံးက လက်ခံမှာမဟုတ်ပါဘူး" ဟု ဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေးပါတီမှ အထွေထွေ အတွင်းရေးမှူး၊ ဦးမျိုးညွန့်က၊ ပြောသည်။
ထိုကဲ့သို့ မြစ်ဆုံဆည်တည်ဆောက် ရေးရပ်ဆိုင်းထားမှုမှာ သမ္မတ တစ်ဦး တည်း၏ သဘောထားမျိုးပြောဆိုသွား ကာ ထိုကိစ္စကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက မထောက်ခံသကဲ့ သို့ ပြောဆိုမှုအပေါ်တွင် ပါတီ၏အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ကာ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဌေးဦးက တုံ့ပြန်ပြောကြားခဲ့သည်။
"ကျွန်တော်ပြောပြမယ်လေ။ သမ္မတကြီးကလည်းပဲ ပြည်သူတွေပြောလို့ လိုက်လျောတယ်။ ပြည်သူတွေ ပြန်ပြောရင် ပါတီလည်း ပြည်သူတွေထဲမှာ ပါတာပဲ။ ပြန်ပြောရင် ပြင်လိုက်မှာပေါ့။ ပြည်သူ တွေထဲမှာလည်း ကျွန်တော်တို့ပါတာပဲ လေ။ ပြည်သူတွေက ဒါလို ပါတယ်ဆိုရင်လည်း လိုတဲ့အကြောင်း ဖြစ်မှာပေါ့။ ဒါကတော့ သူ့အကြောင်းအရာဆိုတာ အမြဲတမ်းပြောင်းနေကြတာပါပဲ" ဟု ၎င်းက ယခုလ ၂၄ ရက်နေ့က နေပြည် တော်၌ ပြောကြားသည်။
"ပထမဆုံးတစ်ခုကတော့ ကိုအောင် သိန်းလင်းပြောတဲ့ဟာကို ကျွန်တော်က အနားမှာလည်း မရှိဘူး။ ဘေးကနေ ကြားတဲ့ဟာတွေ သိတယ်။ ကျန်တဲ့ဥစ္စာ တွေ သိတယ်ဆိုတော့ သူပြောတာ ဟုတ်သလား၊ မဟုတ်သလားလည်း ကျွန်တော်မသိဘူး။ သူ့ မေးကြည့်ပါ တယ်။ သူဒီလိုတောင်ပြောတာတောင် မဟုတ်ပါဘူး။ ကြာလှပြီလို့တောင် ပြောပါတယ်။
သူတောင်မေ့နေတယ်လို့ ပြော တယ်။ ပါတီကတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ သူလည်း ဗဟိုအလုပ် အမှုဆောင်တစ်ယောက် ဖြစ်နေတဲ့ အတွက် သူလည်း ပြောသင့်ပြောထိုက် တယ်လို့ ယူဆပြီး သူ့ပါစင်နယ်ဆန်ဆန် ပြောတဲ့ သဘောပါပဲ။ သူလည်း ဒီလို ရည်ရွည်ပြီး ပြောတယ်မဟုတ်ဘူးလို့ ပြောတယ်" ဟု ဦးဌေးဦးက ပြောသည်။
ပြည်တွင်း ဂျာနယ်တစ်စောင်မှ ဦးအောင်သိန်းလင်းအား အဆိုပါကိစ္စကို မေးမြန်းရာတွင် ၎င်းအနေဖြင့် ထိုကဲ့သို့ ပြောကြားမိခြင်း မဟုတ်ကြောင်းနှင့် အဆင့်ဆင့် ပြောင်းလဲသွားခြင်းဖြစ်နိုင်သည်ဟု ဖြေကြားခဲ့သည်ဟု ပြန်လည် ကြားသိရကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အင်တာဗျူးတွင် ဦးအောင် သိန်းလင်းက ၎င်းအနေဖြင့် ကုလသမဂ္ဂ ကိုလည်း မယုံကြည်ကြောင်းဖြေကြားခဲ့ သည်ဟု ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား အဓိကဦးဆောင်သူများတွင် ပါဝင်သော ဦးအောင်သိန်းလင်းက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှာ အောင်မြင်မှုရနေ ကြောင်း၊ နောက်ပြန့်လှည့်စရာမရှိ ကြောင်း၊ ပါတီမှာ ပြည်သူ့အကျိုးကို သယ်ပိုး နေသော ပါတီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံ များကို သင်ခန်းစာယူကာ ကြိုးစားပါက အနိုင်ရမည်ဟု ယုံကြည်ကြောင်း ထိုအင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အပျင်းပြေ ဆင်းရဲမှုမြှင့်တင်ရေး
သမတကြီးသည် ဆင်းရဲမှုလျော့ဖို့ သူ့ဝန်ထမ်းများကို မှာ၏။ သူ့ဝန်ထမ်းများသည် ခါးပတ်ကြိုးသာလျော့ပြီး အမျိုးသားပညာရေးနှင့်မှားကာ ဆင်းရဲမှုကို မြှင့်တင်မြဲဖြစ်သည်။ ထိုဆင်းရဲမှုမြင့်တင်ရေးကို ပျင်းရင် ပျင်းသလို ထလုပ်နေကြဟန်ရှိသည်။ ဒီရက်ပိုင်းတင်ဖြစ်နေသည့် အ ပျင်းပြေဆင်းရဲမှုမြင့်တင်နေကြပုံလေးကို ပြောပြပါမည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် CDMA ဟုဆိုအပ်သော ဖုန်းအမျိုးအစားကို လုံးရေ တစ်ထောင်ချပေးလေသည်။ ခေတ်မပြောင်းဘဲ ခေတ်ဟောင်းအတိုင်းပင် ဝန်ထမ်းများလဲ ဝင်ရောက်လျှောက်ထားကြသောဟူ၏။ ပီးတော့ ထုံးစံအတိုင်း နှစ်သိန်းတန်ကို သုံးသိန်းပေါက် သည်ဆိုပြီး ရောင်းနေကြလေသည်။ တစ်ကဒ်တစ်သိန်းမြတ်၊ နှစ်ကဒ် နှစ်သိန်းမြတ်သောအခါ ဂျီအက်စမ်ကဒ် ဖရီးနှပ်သူ နှပ်နေကြလေသည်။
ဝက်လက်နယ်ကြီးသည် ဘောလုံးမလောင်း၊ ချဲမထိုး၊ နှစ်လုံးဒိုင်မခံ၊ လမ်းဘေးဖဲဝိုင်းမှအစ မည်သည့်လောင်းကစားမှုမှ မပြုလိုက်ရဘဲ သိန်းတစ်ထောင် ပြောင်သွားရလေတော့သည်။ ထိုနေ့ချင်းပင် ဝက်လက်နယ်တွင် ဖုန်းအလုံးတစ်ထောင်ဝင်လာသည့်အတွက် လှတော သားလေနှင့်ပြောရလျှင် ဇီးကုန်းဖျာလိပ်လို လိပ်ထားသည့်ငွေတွေ စိန်ပန်းရွက်သပ်ချလိုက်သလို ငွေသိန်းသုံးထောင် လျောကနဲ ထွက်ပေး လိုက်ရသည်။ ထို့ကြောင့် ဝက်လက်နယ်၏ဆင်းရဲမှုကြီးသည်လည်း ရေမြင့်ကြာတင့်ဆိုသလို မြင့်တက်သွားပေတော့သည်။
တောင်သူများ၏ နေပူကျဲကျဲ မိုးရွဲရွဲထဲက ချွေးနဲစာလေးတွေ၊ သူရို့သားသမီးတွေ မလေးရှားမှာ ကုလားတွေမျက်နှာကြည့်ရှူနှလုံးသွင်းရင်း
အလုပ်လုပ်ကာ ပို့ထားရတာလေးတွေ ကုန်ရောဟု ဆိုရပေမည်။ ရွှေဘိုပတ်လည်တွင် ဖုန်းငါးထောင်ချပေးမည်ဆိုတော့ ပညာရှိကြပါလျှင်
တွေးသာယူကြည့်ဟုဆိုရပေမည်။ နိုင်ငံတကာမှာ ဇီးပေါင်းထုပ်နှစ်ထုပ်ခန့်မျှဝယ်လျှင် အလကားပေးနေသည့်ဖုန်းကဒ်တွေကို ဆင်းရဲသား တွေဆီမှ အဆီညှစ်သလိုလုပ်နေသည့် လုပ်ရပ်ဆိုးကြီးပေတကား။
တကယ်လို့သာ ရခိုင်တွေလက်ထဲမှာ ဒီလိုဖုန်းတွေ အလွယ်တကူရနေကြမည်ဆိုလျှင် အမြန်ဆက်သွယ်အကူအညီတောင်းနိုင် ပေးနိုင် သည့်အတွက် ယခုလို သေကြေပျက်စီးဆုံးရှုံးမှုများမည်မဟုတ်ပေ။ သတင်းမှန်တွေလည်း အချိန်နှင့်တပြေးညီ ပို့ပေးနိုင်ပေလိမ့်မည်။
ရှေးတုန်းကဇာတ်တွေမှာဆိုလျှင် ဒီနေရာမျိုး၌ ငိုချင်းချလေ့ရှိရကားခေတ်အားလျော်ညီစွာ ရက်ပင်းစွက်၍ ငိုချင်းနှက်ရပေတော့မည်။
ငိုချင်း
ဆင်းကဒ်၊ မြှင်းသတ်လို့ ဘယ်မဆုံးသည် xxx အော် ဆင်းကဒ်၊ မြှင်းသတ်လို့ ဘယ်မဆုံးသည် xxx မင်းမဟတ်သမို့၊ ထမင်းငတ်လို့ အပါယ်နှုံးမီပြီ xxx သကြွယ်ငတုံး ပြည်ကလာချာပါတကား xxxx အမယ်မင်းရယ်တဲ့မှ xxx သကြွယ်ငတုံးတို့ရဲ့ အလွယ်သုံး ပြည်ကလချာပါတကား xxxx
ရက်ပင်း
(သူတို့တွေ ဖာချဖို့၊ ငါတို့တွေ ပြာကျလို့၊ ငါတို့မြေ ခဝါချလို့၊ xxx သူတို့တွေ ပကာသနဖို့၊ အဝှာထဖို့၊ မသမာဓမြတို့၊ သူတို့သမီးမယားတွေ
xxx အဝှာလုပ်ဖို့၊ ငါတို့ သမီးမယားတွေ ဖာလုပ်လို့၊ ဒို့တွေက စစ်မြေမှာ xxx ခေတ်တွေပျက်လို့၊ သူတို့တွေက စစ်မြေမှာ သစ်တွေဖက်လို့၊ အချစ်တွေတက်လို့၊ xxxx တပ်ထဲမှာ မုဆိုးမတွေပေါပေါ၊ သူတို့မှာ ဒုတ်ထိုးမတွေ ချောချော၊ တပ်ထဲမှာ xxxx မိဘမဲ့တွေပေါတယ်၊ သူတို့မှာ မိဘတွေထပ်တိုးတယ်၊ အရပ်နာတယ်၊ ဇာတ်နာတယ်၊ xxx သူတို့က ပညာတွေ တတ် တတ် တတ်၊ ဒို့က တမင်ကလာ ငလေတွေ အထပ် ထပ်၊ အရပ် ပတ်၊ xxx တိုင်းပြည်ကြီးက ချူချာနေပြီ၊ မူယာတွေပေါတယ်၊ ခရိုနီတွေထောတယ်၊ xxx လူနာတွေပေါတယ်၊ ငိုမြည်သံတွေ မောတယ်၊ ပြောမယ်၊ မောတယ်)
နောက်တခု
ဝက်လက်နှင့်ညီအစ်ကိုတော်လေသည့် ရွှေဘိုမြို့တွင် စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးအဖွဲ့မှ စည်ပင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတင်ငွေ ဆိုသူ ရောက်နေသည်။ ထိုတင်ငွေသည် ဆောက်လုပ်ရေးဗိုလ်တဲ၌ စတဲချနေသည်မှာ ရက်အတော်ကြာလာပေပြီ။ အနှီတင်ငွေကို ညနေ ညနေ စည်တယ်လေလေ့ဆိုသလိုပင် အရက်ကောင်းနှင့် အမြည်းကောင်းကောင်းဖန်တီးပေးနေရသောဟူ၏။ ၎င်းတင်ငွေကား ဂေါက်ရိုက် ချင်သည်ဆိုသဖြင့် ခြေအိပ်မှအစ ဆင်သပေးရပြန်သောဟူ၏။
ယင်းတင်ငွေသည် မနက်မိုးလင်းလျှင်တော့ ဟိုလမ်း ဒီလမ်း လိုက်နမ်းသယောင်ပြု၏။ အဲလေ စစ်ဆေး၏။ ဒင်းတင်ငွေသည် ညနေဆို လျှင်ကား–နောက်လိုက်နောက်ပါအချို့နှင့် ဒန့်တန့်တန်မြဲ။ အနို့သို့မို့တင်ငွေကြောင့် ကြာလျှင် ဆောက်လုပ်ရေးဌာနသည် မွဲပြာကျရတော့ မည့်ကိန်း ဆိုက်လာတော့မည်၊ ဝန်ကြီးတင်ငွေကား မပြန်သေး၊ ရွှေဘိုမှာ နေခိုနေမြဲဖြစ်နေရာ- သူ့ကို ပြုစုယုယရသောငွေများသည် တကယ်တော့ ပြင်ရန်ငွေများသာတည်း၊ အခုတော့ ပြင်ငွေမဟုတ်ဘဲ တင်ငွေဖြစ်နေရချေတော့သည်တမုံ။
အော် သမတကြီး သမတကြီး၊ တေမိ ဘာ့ကြောင့် မင်းမလုပ်ချင်သည်ကို သိလောက်ပေရော့မည်။ သူ့ခမျာ ရခိုင်ကို ရိုဟင်ဂျာတွေသတ်ဖြတ်ဖျက် ဆီးသည့်ဘေးဖြင့် မအေးနိုင်ရှိနေချိန်တွင် …။
မလေးရှား ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲ၊ မိုးကြိုးပစ်ချမှုကြောင့်ဟု ယူဆရ
ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန် ၃၈၀၀၀ ခန့်လေးကာ ပေါက်ကွဲမှုကြောင့် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စတင်လောင်ကျွမ်းခဲ့သောမီးသည် မိုးကြိုးပစ်ချခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရဲအရာရှိ ဆိုင်မန်ကာစ်ရန်က ပြောကြားခဲ့သည်။
ယင်းဓာတုနှင့် အုန်းဆီများ တင်ဆောင်လာသော သင်္ဘောပေါ်တွင် မလေးရှားလူမျိုး ၂၃ ဦးနှင့် ဖိလစ်ပိုင်လူမျိုး ၆ ဦးပါကြောင်းနှင့် ယင်းတို့အနက် သင်္ဘောသား ၂၄ ဦးမှာ ကမ်းပေါ်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ၏ အစ်ကိုဖြစ်သူအား လာဘ်စားမှုဖြင့် တရားစွဲ
တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုမှတစ်ဆင့် သမ္မတလီမြောင်ဘတ်က နိုင်ငံကို တောင်းပန်စကားပြောနေပုံကို လူတစ်ဦးက စောင့်ကြည့်နေစဉ်
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ အစ်ကိုဖြစ်သူအား ဥပဒေအရာရှိများက လာဘ်စားမှုဖြင့် ဇူလိုင်လ ၂၆ ရက်နေ့က တရားစွဲခဲ့ကြောင်း သိရသည်။
အသက် ၇၆ နှစ်အရွယ် သမ္မတအစ်ကိုဖြစ်သူ Lee Sang-Deuk သည် ပြဿနာဖြစ်နေသော ငွေစုဘဏ်နှစ်ခုမှ ၀မ်သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၅၂၃၀၀၀)နှင့် အထည်အလိပ် ကုမ္မဏီတစ်ခုမှ ၀မ် ၁၅၇ သန်းလာဘ်ယူခဲ့မှုဖြင့် တရားရုံးတွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တာဝန်ထမ်းဆောင်နေဆဲ သမ္မတတစ်ဦး၏ အစ်ကိုဖြစ်သူသည် လာဘ်စားမှုဖြင့် တရားစွဲခံရခြင်းသည် တောင်ကိုရီးယားသမိုင်းတွင် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
ယခုလအစောပိုင်းကလည်း ဥပဒေပြုအမတ်ဟောင်းတစ်ဦးမှာ ဘဏ်များ၏ဥက္ကဋ္ဌများအား စာရင်းစစ်ခြင်းနှင့် အပြစ်ပေးမှုများမှ ရှောင်တိမ်းနိုင်ရန်အတွက် ကူညီခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
Lee Sang-Deuk သည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် ညီဖြစ်သူအနိုင်ရရှိရန် အဓိက ပံ့ပိုးထောက်ပံ့သူတစ်ဦးဖြစ်ပြီး လီမြောင်ဘတ်၏ နောက်ကွယ်မှ ပြဿနာများကို ဖြေရှင်းပေးသူတစ်ယောက်အဖြစ်လည်း ရပ်တည်ပေးခဲ့သည်။
သို့သော်ဝေဖန်သူများက Lee Sang-Deuk သည် ညီဖြစ်သူ အာဏာရလာသောအခါ တိုင်းပြည်အရေးအရာများတွင် ၀င်ရောက်စွက်ဖက်ခြယ်လှယ်လွန်းကြောင်း ပြောခဲ့ကြသည်။ ထိပ်တန်းဆက်သွယ်ရေး အရာရှိဟောင်း အပါအ၀င်သမ္မတ၏ လက်ထောက်အချို့သည်လည်း လာဘ်စားမှုများဖြင့်ပင် ထိန်းသိမ်းခံထားရသည်။
ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းအတွက် ထိုင်းရောက် မြန်မာတို့ ဆန္ဒထုတ်ဖော်(မိုးမခမှကူးယူတင်ပြပါသည်)
ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းအတွက် ထိုင်းရောက် မြန်မာတို့ ဆန္ဒထုတ်ဖော်
မိုးမခသတင်းကောက်နုတ်ချက်၊ ဇူလိုင် ၁၁၊ ၂၀၁၂
ချင်းမိုင်ရှိ နှစ်ပေါင်းများစွာ မြန်မာဘုန်းတော်ကြီးများ ကျောင်းထိုင်ပြီး ဗုဒ္ဓဘာသာမြန်မာများ ကိုးကွယ်သော ၀ပ်ဆိုင်းမွန်း ကျောင်းတိုက်ကို မြန်မာဘုန်းတော်ကြီးများ ဆက်လက် ထိန်းသိမ်းသာသနာပြုခွင့်ရရန် ထိုဒေသရောက် ရွှေ့ပြောင်းအလုပ်သမားမြန်မာများက စုဝေးဆန္ဒပြနေကြကြောင်း ထိုင်းသတင်းစာတွင် ဖော်ပြထားသည်။
အင်တာနက်တွင် ပြန့်နှံ့နေသော မြန်မာအရေးနိုးကြားသူတို့၏ ပေးစာများအရ အဆိုပါ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ဆက်လက်ကျောင်းထိုင်မည့် မြန်မာဆရာတော် ခန့်အပ်နိုင်ခြင်းမရှိသဖြင့် ဒေသခံ ထိုင်းဆရာတော်တို့က လွှဲပြောင်း ထိန်းသိမ်းကြမည် ဖြစ်ရာ မြန်မာဆရာတော်တို့ ဆက်လက် ထိန်းသိမ်းနိုင်ရေး မြန်မာတို့က တောင်းဆိုနေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာဘုန်းတော်ကြီးကျောင်းများ အများအပြား ရှိခဲ့သော်လည်း ကျောင်းထိုင်လွှဲအပ်ရန် အခက်အခဲရှိသဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း ၁၀၀ ကျော်မှာ ထိုင်းဘုန်းတော်ကြီးကျောင်းများအဖြစ် ပြောင်းလွှဲခဲ့ကြရသည်ဟု ဆိုသည်။
ထိုင်းအစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တို့က မြန်မာဘုန်းတော်ကြီးများ၊ ဆရာတော်များကို ထိုင်းနိုင်ငံတွင်း ဧည့်ဗီဇာ၊ စာသင်သားဗီဇာ ထုတ်ပေးသော်လည်း ကျောင်းထိုင်ခွင့် ရရှိရန် ရေရှည်နေထိုင်ခွင့် ဗီဇာကို ထုတ်ပေးခြင်း မရှိတော့သဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများမှာ ထိုင်းဆရာတော်များထံသို့ ကျောင်းထိုင်အဖြစ် အဖြစ် ပြောင်းလွဲကုန်ခြင်း ဖြစ်သည်ဟု သိရသည်။
ယခု အငြင်းပွားနေသော ကျောင်းသည် နောက်ဆုံး မြန်မာဘုန်းကြီးကျောင်း ဖြစ်လိမ့်မည်ဟု ပြောနေကြသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား၊ နိုင်ငံရေးဒုက္ခသည်များ သိန်းချီ ရှိသော်လည်း မြန်မာတို့အတွက် ဘာသာရေး သာသနာရေး အခြေစိုက်ခွင့်မှာ အထူး အခက်အခဲရှိသည်ဟု သိရသည်။
မြန်မာအစိုးရသည် ထိုင်းနယ်မြေအတွင်း မြန်မာတို့၏ နိုင်ငံရေးအခမ်းအနားများ၊ လှုပ်ရှားမှုများကို ကန့်သတ်ဖိနှိပ်ရန် ထိုင်းတို့ကို အောင်မြင်စွာ ဖိအားပေးနိုင်သော်လည်း ယခု မြန်မာကျောင်းကိစ္စတွင် မည်သို့မျှ မေတ္တာရပ်ခံခြင်း မပြုသေးဟု သိရသည်။
ပေးစာပါ အကြောင်းအရာများကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဓာတ်ပုံမှာ ထိုင်းရောက် မြန်မာတို့ မြန်မာကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့်ရဖို့ အရေးဆိုနေပုံ ဖြစ်သည်။
ချင်းမိုင်မြို့ ရှိဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်း  ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ တော်မှာ ချင်းမိုင်မြို့ ဖြစ်ပါသည်။ သာယာလှပသည့် ဝပ်ဆိုင်းမွန်မြန်မာဘုန်းတော်ကြီးကျောင်းသည်လည်း ချင်းမိုင်မြို့ တွင်ခန့်ငြားထည်ဝါလျက်တစ်ကျောင်းတည်းသောမြန်မာဘုန်းတော်ကြီးကျောင်းဖြစ်ပါသည်။ မြေဧက( ၇.၁ ) ရှိပြီး ဂရမ်အမှတ်(၂၈၉၈၇ ) ဖြင့်ထော်ရနီဆုန်သာသနာ့မြေအဖြစ်သတ်မှတ်ထားပါသည်။
ယခုနှောက်ဆုံးသီတင်းသုံးနေထိုင်ခဲ့သည့်ဆရာတော်ဘုရားမှာ- အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တဦးအာသဘဖြစ်ပါသည်။ ဆရာတော်ဘုရားသည်- မြန်မာသက္ကရာဇ်-၁၃၇၃ ခုနှစ်၊ဝါခေါင်လဆုတ်-၅ ရက်၊( ၁၉-၈-၂၀၁၁ )ရက်နေ့ တွင် သက်တော်( ၉၀ ) ဝါတော်( ၆၅ ) ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မှု ခဲ့ပါသည်။
ချင်းမိုင်မြို့ တွင်ယခင်ကမြန်မာဘုန်းတော်ကြီးကျောင်း( ၇ )ကျောင်းရှိခဲ့ရာ နှောက်ပိုင်းတွင်  ထိုင်းဘုန်းတော်ကြီးများသိမ်းပိုက်၍၊ ကျောင်းထိုင်သီတင်းသုံးလာသည့်အတွက်ယခုအခါမှာ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်းသာ မြန်မာဘုန်းတော်ကြီးကျောင်းအဖြစ်ကျန်ရစ်ခဲ့ပါသည်။ ဆရာတော်ဘုရားလည်း ဘဝနတ်ထံ ပျံလွန်တော်မမှုမ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတော်ကြီးကိုဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားကြဖို့ ရန်တပည့်ဒါယကာ၊ ဒါယိကာမများကိုမြွတ်ကြားခဲ့ပါသည်။
ချင်းမိုင်မြို့ ရှိမြန်မာဒါယကာ၊ဒါယိကာမများအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံတော်အစိုးရ   သာသနာရေးဝန်ကြီးဌာန နှင့်သာသနာပြုပုဂ္ဂိုလ်များ အ နေဖြင့်သော်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ ထိုင်းလူမျိုးဒါယကာ၊ဒါယိကာမများနေဖြင့်လည်းကောင်း၊ ထိုင်းသာသနာရေးဝန်ကြီးဌာနနှင့် သာသနာပြုပုဂ္ဂိုလ်များအနေဖြင့် သော်လည်းကောင်း၊ ဆရာတော်ဘုရား၏ မိန့်မှာကြားချက်ကိုလေးစား လိုက်နာထိမ်းသိမ်းသောအားဖြင့် လည်းကောင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအဓွန့်ရှည်တည်တန့်  ခိုင်မြဲရေးအတွက်၊ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတော်ကြီးကို ထိုင်းသံဃာတော်များ လက်ထဲမရောက်ရှိရေး၊ ဝိုင်းဝန်ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။
၂၀၁၂-၁၃ ငါးဖမ်းရာသီတွင် ငါးဖမ်းဧရိယာနှင့် ကာလသတ်မှတ်ခြင်းကို မူအားဖြင့် သဘောတူခဲ့
၂၀၁၂-၂၀၁၃ ငါးဖမ်းရာသီတွင် ငါးမဖမ်းရဧရိယာနှင့် ကာလသတ်မှတ်သွားရန် မူအားဖြင့် သဘောတူညီခဲ့ကြောင်းကို ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော ၂၀၁၂-၂၀၁၃ ငါးဖမ်းရာသီတွင် ငါးမဖမ်းရ ဧရိယာနှင့် ကာလသတ်မှတ်သွားရန် သင့် မသင့် အလုပ်ရုံဆွေးနွေးပွဲမှ သဘောတူညီချက်များအရ သိရသည်။
ဆွေးနွေးပွဲအပြီးတွင် လာမည့်နှစ် ငါးဖမ်းရာသီ၌အချက် ၉ ချက် ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို မူအားဖြင့် ချမှတ်ခဲ့ကြပြီးယင်းတို့မှာ
(၁) ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ငါးမဖမ်းရဧရိယာနှင့် ကာလ Closed Area/Closed Season သတ်မှတ်ခြင်းကိုမူအားဖြင့် သဘောတူကြပါသည်။
(၂) ငါးမဖမ်းရ ဧရိယာ၊ ငါးမဖမ်းရရာသီ/ကာလ၊ ငါးမဖမ်းရကိရိယာနှင့်အရွယ်အစား ပိုက်ကွက်တို့ကိုစဉ် ဆက်မပြတ်သု သေသနပြုသွားရန်
(၃) သုသေသနပြုရာတွင် ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်ဆင့်နှင့် ပညာရှင်များ ငါးဖမ်းလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်သွားရန်
(၄) သုသေသန ပြုရာမှရရှိသော အဖြေရလဒ်များပေါ် မူတည်၍ ငါးသယံဇာတ ထိန်းသိမ်းရန်ကိစ္စ သတ်မှတ်ရန် ထပ်မံညှိနှိုင်း၍ သတ်မှတ်ဆောင်ရွက်သွားရန်
(၅) လက်ရှိ ငါးထုတ်လုပ်မှုအပေါ်တွင် လက်ရှိဖမ်းဆီးနေသော ငါးဖမ်း ရေယာဉ်အမျိုးအစားနှင့် အရေအတွက်တို့ကိုစီစစ်၍ ငါးမျိုးမပြုန်းတီးစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် စီစစ်သတ်မှတ် ဆောင်ရွက်သွားရန်
(၆) ရခိုင်၊ ရန်ကုန်၊ ဧရာဝတိ၊ မွန် ငါးမဖမ်းရ ဧရီယာ၊ ငါးမဖမ်း ရာသီသတ်မှတ်ျိန်တွင် တနင်္သာရီတိုင်းမှ ငါးဖမ်းရေယာဉ်များ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ မွန် ငါးဖမ်းရေပြင်အတွင်း ၀င်ရောက်ဖမ်းဆီးခွင့်မပြုရေးကို တင်ပြသွားရန်
(၇) ကမ်းနည်း ငါးဖမ်းရေပြင်အတွင်း Baby Trawl ၊ရှပ်၊ ဂျုပ် စသည့် တရားမ၀င်သည့် နည်းစနစ်များဖြင့် ငါးဖမ်းဆီးခြင်းအား ထိရောက်စွာ အရေးယူနိုင်ရန်
(ဂ) ပင်လယ်ပြင် လုံခြုံရေးနှင့် စစ်ဆေးရေးကို ထိရောက်စွာ ပူးပေါင်း၍ အရေးယူဆောင်ရွက်သွားရန်
(၉) ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် သုသေသနနှင့် ဖွံ့ဖြိုးရေး၊ ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စီမံချက်များ တိုးချဲ့ချမှတ် ဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း သိရသည်။
လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ယက်ကြီးအကြောင်း ပေးစာများ(မိုးမခမှကူးယူတင်ပြပါသည်)
နင်းပြားဝန်ထမ်း ပြည်သူများ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ပေးစာ (၁) – ၀န်ကြီးဌာနတခုလုံး အမျိုးနဲ့ ခရိုနီတွေချည်းပဲ
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက ၀န်ထမ်းရေးရာ ရာထူးတိုး အပြောင်းအရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။ ၀န်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့ နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် သိန်း ၂၀၀ -၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
တည်ဆောက်ရေး အမှတ် (၁) ကိုရွေ့ပြောင်းဖို့ အတွက် ညွှန်ကြားရေးမှုး (၂)ယောက် အပြိုင်ဈေး ပေးကြရတာ သိန်း (၈၀၀) အထိရောက် နေကြောင်း ၊ ကာယကံရှင် ပြောပြချက်အရ သိရှိရပါတယ်၊ ကျွမ်းကျင်မှု့အလိုက် လုပ်သက် အလိုက် အရည်အချင်းအလိုက် တိုးမြှင့်ပြောင်းရွေ့ပေးခြင်းမျိုး မဟုတ်တဲ့ အတွက် ဌါနတွင်းမှာ အုပ်ချုပ်မှု့ ပျက်ပြားပြီး ခြစားမှု့တွေ မသမာမှု့တွေ တိုးပွားလျှက်ရှိပါတယ်။ လူမှန်နေရာမှန် မရှိတဲ့ အတွက် ကြိုးနီစနစ်တွေ များပြီး ရစ်ခွေနေကြတာနဲ့ အလုပ်မဖြစ်သလို နည်းပညာပိုင်းမှာလဲ ဆုံးဖြတ်ချက်တွေမှားပြီး စီမံကိန်းတွေမှာ ဆုံးရှုံးမှု့တွေ ကြီးကြီးမားမားရှိနေပါတယ်။
ရဲရွာ စီမံကိန်းနဲ့ ကွန်းစီမံကိန်းတွေက သိုဝှက်ထားတဲ့ ဆုံးရှုံးပျက်စီးမှု့တွေရဲ့ အကြောင်းရင်းကလဲ ဒါတွေကြောင့်ပါပဲ ပိုပြီး ၀မ်းနည်းဖို့ ကောင်းတာက ဌါနတွင်း ၀န်ထမ်းရေးရာ ကိစ္စတွေမှာ ကုမ္ပဏီတွေက ပါဝင် စွက်ဖက်ချယ်လှယ်နေကြတာပါပဲ အထူးသဖြင့် အေးရှားဝါး (ဟိုက်တက်၊အမ်အက်စ်ပီ၊ မင်းအနော်ရထာ) စတဲ့ ကမ္ပဏီတွေ အရေးကြီးတဲ့ ရာထူးနေရာတွေ ဥပမာ လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ ရာထူး၊ ငွေရေးကြေးရေး ဆောင်ရွက်ပေးနိုင်တဲ့ ရာထူးနေရာ ပစ္စည်းဝယ်ယူတင်သွင်းပေးနိုင်တဲ့ ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့ အရာထမ်းတွေ တိုးမြှင့် ခန့်ထားရေး အတွက် ၀န်ကြီးကို ငွေပေးပြီး တွန်းအားပေးကြတာ အလွန်ရုပ်ပျက်လှပါတယ်။
ဝန်ကြီးကလဲ ဒီကုမ္ပဏီတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူ့မိသားစု စီးပွားရေးတွက်ခြေကိုက်နေတော့ သူတို့ ခိုင်းသမျှ လုပ်နေတာပေါ့။ အထူးသဖြင့် မြစ်ဆုံ စီမံကိန်း(ရ)ခု အတွက် ကော်မရှင်တွေ ပေးထား၊ သူမိသားစု သူ့သားသမီးတွေအတွက် အိမ်တွေ ဆောက်ပေး စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးထားတဲ့ ဦးထွန်းမြင့်နိုင် ခိုင်းသမျှ မြေ၀ယ်မကျနာခံပြီး လုပ်ပေးနေတာ ကျနော်တို့ ၀န်ထမ်းတွေ အတွက် ရင်နာစရာပါ။
ကျနော်တို့ကို လာစစ်ပေးပါ။ (ဒုသမ္မတ(၁)ကိုတော့ မပြောချင်ဘူး၊ သူက ၀န်ကြီးနဲ့ အလိုတူ အလိုပါ မို့ပါ)။
ပေးစာ(၂) – မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ
          ကျနော်ဟာ လျှပ်စစ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတဦးပါ ကျနော်ပြောချင်တဲ့ အကြောင်းအရာက ကျနော်တို့ ဌါန ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊  စီးပွားရေးသမားတွေနဲ့ တရုတ်တွေနဲ့ လက်ဝါးခြင်းရိုက်တဲ့ ကိစ္စတွေပါ၊
(၁၅ ဒီဇင်ဘာ ၂၀၁၁) နေ့မှာ လျှပ်စစ် (၁) အေးရှားဝေါလ်ဒ်နဲ့ စီပီအိုင် (တရုတ်)တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည် ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ကြတယ်။ (၁၅.၁၂.၁၁)ညနေ(၇)နာရီမှာ ၀န်ကြီးဦးဇော်မင်းအမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။
(၁၆.၁၂.၁၁)နေ့မှာ ဒုသမ္မတ(၁)နဲ့  ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည်ဆွေးနွေးကြတယ်။ ဒါတွေအားလုံးကို ကျနော်တို့ရဲ့ ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလဲ မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ်၊ ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား၊ ငါလုပ်ချင်ရာလုပ်မယ်၊ ပြည်သူ သဘောတူစရာမလိုဘူး … ဆိုတဲ့ သဘောပါ။
          တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း ထဲက (၁)ခုပါ။ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ မြစ်ဆုံရဲ့ အထက် မိုင်(၆၀) အကွာ မေခမြစ်ပေါ်မှာ ရှိပြီး မဂ္ဂ၀ပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ။
 မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် (၆) ထဲ ခွဲထည့်လို့ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကို လုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာ မုသားတွေ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ၀န်ထမ်းတွေ ရှိသေးတယ် ပြည်သူကိုလည်း အသိပေးဦးမယ်ဆိုတာ သိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီး တခုလုံးပါ မြစ်ဆုံလေးတခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း လူမှု့ရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုတ်က သိမ်းမှာပဲ ထွက်လာမည့် လျှပ်စစ်ကလည်း တရုတ်နိုင်ငံအတွက်ပဲ အေးရှားဝေါလ်ဒ်း ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတတို့ မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေရင်းလိုက်ရတာပါပဲ အဖတ်တင်ပါတယ်။
သမ္မတကြီးကို ပြောပေးပါ။
ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချု့ပ်မှု့ မျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။
ပေးစာ (၃) – မသန့်ရှင်း ညစ်ပတ်သော အစိုးရ၀န်ကြီးများကို ရှင်းလင်းပေးပါ
          ပြည်သူ့လွှတ်တော်တွင် တင်ပြ ဆွေးနွေးသင့်သော အစိုးရအဖွဲ့ အတွင်း ၀န်ကြီးတချို့နှင့် အရာရှိကြီး တချို့၏ အကျင့်ပျက် ခြစား၍ တရားမ၀င်ရရှိထားသော  တရားမ၀င်သည့် ၀င်ငွေပိုင်ဆိုင်မှုများကို စိစစ်သင့်ပါသည်။
ဥပမာ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းသည် ဘိန်းဘုရင် ထွန်းမြင့်နိုင်၏ ဘိန်းဖြူလုပ်ငန်းမှ ရရှိငွေ ငွေမဲများမှ တဖက်လှည့်ဖြင့် ပံ့ပိုးမှု့ ရရှိထားခြင်း
 မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း(၇)ခုနှင့် သောက်ရေခပ် စီမံကိန်း အကျိုးအမြတ်အတွက် ဒု သမ္မတ (၁) အပါအ၀င် ကော်မရှင်(၁၀.၅)ရာခိုင်နှုန်းအား ရယူထားခြင်း၊
လျှပ်စစ်(၁) JV စီမံကိန်းများအတွက် MOU အဆင့်မှာ (၇)ရာခိုင်နှုန်းအား စီမံကိန်းများ အတွက် ညွှန်ချုပ်ဦးကြီးစိုးထံမှ တဆင့်လက်ခံ ရယူထားခြင်း။
MOU အဆင့်မှာ (၅)ရာခိုင်နှုန်း ရယူခြင်း၊
JV ကုမ္မဏီ ထူထောင်ခွင့် အဆင့်တွင့် ထပ်မံ (၁၀)ရာခိုင်နှုန်း ရယူထားခြင်းများအား ရေအားလျှပ်စစ်စီမံရေးဦးစီးဌါန အရာရှိအပိုင်းမှတဆင့် သတင်း တိကျစွာ ရရှိထားပါသည်။
          ဦးထွန်းမြင့်နိုင်မှ ပံ့ပိုးပေးပုံပေးနည်းမှာလည်း သိမ်မွေ့လှပေသည်။ နေပြည်တော် ဥတ္တရသီရိတွင် နန်းတော်ကြီးပမာ ခန်းနားလှသော အိမ်တော်ကို ဆောက်လုပ်ပေးထားသည်။
ရန်ကုန်မြို့တာမွေ မေတ္တာရိပ်မွန်တွင် ဦးဇော်မင်းအတွက် ခြံကျယ်ကြီးနှင့် အိမ်ကြီးတလုံး ၊ သားကြီး ဒေါက်တာ အာကာဇော်၊ သားငယ် ဒေါက်တာ လင်းထက်အောင် ၊ သမီးရတနာ ဇော်မင်းတို့ အတွက် အပျံစား အိမ်တလုံးစီ ဆောက်လုပ် လက်ဆောင်ပေးထားပါသည်။
သားကြီး အာကာဇော်အတွက် Great Mobile ဖုန်းဆိုင်ကိုလည်း ရင်းနှီးထုတ်ပေးထားပါသည်။
သားငယ်ဒေါက်တာ လင်းထက်အောင်အတွက် နေပြည်တော် ဇီဝက ဆိုင်တန်းတွင် မြတ်သုခ အမည်ရှိ ဆေးတိုက်ကြီးနှင့် Health Club Fitness Centre အား ရင်းနှီးမတည်ဖွင့်လှစ် ပေးထားပါသည်။
သမီးရတနာဇော်မင်းအတွက်လည်း ရန်ကုန်ဆူးလေအနီးတွင် နိုင်ငံခြားခရီးသွား ကုမ္မဏီကြီးတခုကို ဖွင့်လှစ်ပေးထားပါသည်။ သားကြီး ဒေါက်တာအာကာဇော်၏ COSY ကုမ္မဏီအတွက် စက်ယာဉ်ယန္တရားကြီး (၂၆)စီး အား မြစ်ဆုံ စီမံကိန်း (ရ)ခုနှင့် သောက်ရေခပ် စီမံကိန်းအတွက် စာရင်းပြ၍ ရောရောင်တင်သွင်းပြီး အပြီးလက်ဆောင်ပေးထားပါသည်။
          ဦးဇော်မင်း မိသားစုသို့ ပံ့ပိုးပေးသည့် ငွေကြေးများအား သောက်ရေခပ်စီမံကိန်းတွင် ကျောက်လုပ်ငန်း အပေးပြလျှက် သားကြီး အာကာဇော်၏ COSYကုမ္ပဏီမှ တဆင့် လစဉ် သိန်း (၂၀၀၀) မှ (၄၀၀၀) အကြား လုပ်အားခအဖြစ် ပံ့ပိုးပေးထားပါသည်။ ဦးထွန်းမြင့်နိုင်ကဲ့သို့ ပံ့ပိုးပေးနေသော အခြားကုမ္ပဏီများလည်းရှိပါသည်။
ယင်းကဲ့သို့ ဘိန်းဖြူလုပ်ငန်းများမှ ရရှိထားသော ငွေမဲများအား ဦးထွန်းမြင့်နိုင်ထံမှ လွယ်ကူစွာ လက်ခံရယူထားသော ဦးဇော်မင်းနှင့် ဒု သမ္မတ(၁)တို့ အပေါ်တွင် SANCTION ပိတ်ဆို့မှု့ကို ဖွင့်လှစ် မပေးသင့်သလို စိစစ်အရေးယူ သင့်ပေသည်။
ဝန်ကြီးဌါနတွင်း အကျင့်ပျက်ခြစားမှု့များကိုလည်း လျှပ်စစ်(၁)၀န်ထမ်းများမှ တဆင့် နားမဆံ့အောင် ကြားနေရပါသည်။
ဥပမာ-တနင်္လာရီတိုင်း ဆလုံ တိုင်းရင်းသား ကျွန်းသူကျွန်းသား တရွာလုံးကို သတ်ဖြတ်ခဲ့သည့် သတ်ဖေါ် သတ်ဖက် တပည့်များအား လျှပ်စစ် (၁) ဌါနအတွင်း ရာထူးနေရာကောင်းကောင်း မြင့်မြင့်များ ပေးထားခြင်း၊ ၀န်ထမ်းရေးရာ ရာထူးတိုးမြှင့်မှုများတွင် ငွေများစွာ ရယူ၍ မတန်မရာ ရာထူးများအား မတန်တဆ မတရား တိုးမြှင့်ပေးထားခြင်း၊  
စစ်ဘက်မှ ကူးပြောင်းလာသော ၀န်ထမ်းများအား အရပ်ဘက် နဂိုရှိပြီး ပညာရှင် ၀န်ထမ်းများထက် အခွင့်အရေးပိုမိုပေးပြီး ခွဲခြားဖိနှိပ်ဆက်ဆံသလို ပညာရျင်များကိုလည်း တန်ဖိုးမထားခြင်း၊
ဝန်ကြီးဌါနအတွက် ခွဲဝေရရှိသော အမျိုးအစားကောင်းမွန်သည့် မော်တော်ယာဉ် အစီး(၃၀) ကျော်အား လက်အောက်အရာထမ်းများအတွက် ခွဲဝေပေးခြင်း မရှိပဲ ၀န်ကြီးသုံး အရန်ယာဉ်များ အဖြစ် မောင်ပိုင်စီးထားခြင်း နှင့် အဆိုပါယာဉ်များအတွက် ခွဲဝေရသည့် စက်သုံးဆီများအား ရုံးအဖွဲ့မှုးမှ ရောင်းချ၍ ကိုယ်ကျိုး အတွက် သိမ်းယူခြင်း၊
ဝန်ကြီးအဆင့်မှ မတရားမှုများ ရှိနေတော့ အောက်က စစ်ဘက်အရာထမ်း များကပါ လိုက်လံ အတုခိုး အကျင့်ပျက်ခြစားလာသည်မှာ နေပြည်တော် အထက် ပေါင်းလောင်းနှင့် နန်ချို စီမံကိန်းများမှ စက်သုံးဆီ ဘိလပ်မြေ သံချောင်းလုံးများစွာ အသုံးပြု၍ နေအိမ်တိုက်တာများ ဆောက်လုပ်နေကြသည်မှာ မြင်မကောင်းအောင် ဖြစ်နေပြီး တိုင်းပြည်၏ ဘဏ္ဍာငွေ မြောက်များစွာ လေလွင့် ဆုံးရှုံးနေကြောင်း ဓါတ်ပုံနှင့် စာရင်း အထောက်အထားများအရ သိရှိရခြင်း၊
ဝန်ကြီးဌါနစီမံကိန်း မှန်သမျှ၏ စီမံကိန်းပစ္စည်း အားလုံးကိုလဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကိုလည်း သားကြီး အာကာဇော်၏ ရွှေဝါလှိုင် သယ်သူပို့ဆောင်ရေး ကုမ္ပဏီကပဲ သယ်ယူဆောင်ရွက်ခွင့်ရှိပြီး ဈေးနှုန်းကြီးမြင့် သလို ပျက်စီးမှု့ဖြစ်လာရင်လည်း သက်ဆိုင်ရာ စီမံကိန်းကသာ ဖြေရျင်းရခြင်း
ဝန်ထမ်းများ ၀တ်ဆင်တဲ့ ပုဆိုး ထမီ အစုတ်ပလုပ်က အစ လုပ်ငန်းကြီးတွေ အထိ လက်ဝါးကြီးအုပ် မတရားရယူပြီး ဌါနကြီးတခုလုံးရဲ့ ဘတ်ဂျက်တခုလုံးကို သိမ်းပိုက်ပြီး တသက်စာ စားမကုန်အောင် ရှိနေ့ရက်နဲ့ ထပ်၍ ထပ်၍ လောဘဇော်တိုက်နေတဲ့  ဒီလိုဝန်ကြီးမျိုးတွေ ဟာ Clean Government Good Government လို့ အော်နေတဲ့ သမ္မတကြီးနဲ့ မှန်ကန်တဲ့ အချို့ဝန်ကြီးများမှ စိစစ်ဖေါ်ထုတ် ဟန့်တားသင့်ပါသည်။
 နေစဉ်ရုံးတက်နေရတဲ့ ၀န်ထမ်းများကိုတောင် ရုံးရဲ့ အလယ်ဝင်ပေါက်က ၀င်ခွင့်မပြုပဲ ၀န်ကြီးနဲ့ ညွှန်ချုပ်များသာ ၀င်ခွင့်ပြုထားတာဟာ အလုပ်လုပ်နေတဲ့ နိုင်ငံဝန်ထမ်းများကို တရိစ္ဆာန်ကဲ့သို့ ဆက်ဆံပြီး လူဂုဏ်သိက္ခာကို ချိုးဖဲ့သလို ခံစားနေရကြောင်း၊
 လျှပ်စစ် အောက်ခြေ၀န်ထမ်းတွေအဖို့ အလုပ်ကို ညအချိန်မတော်အထိ အနိုင်ကျင့်စေခိုင်းတာ ခံနေရပြီး ရာထူးဝင်ငွေ ပျော်ရွှင်မှု မိသားစု အရသာ ဘာမှ မျှော်လင့်ချက်မရှိ ဘ၀တွေပျက်နေရကြောင်း
ရင်ဖွင့်တာကို စိတ်မကောင်းစွာ ထပ်တူ ခံစားရပါသည်။
ဒီလို အဖြစ်ပျက်မျိုးတွေ အခြားဝန်ကြီးဌါနတွေမှာလည်း( ဥပမာ စည်ပင်သာယာလို ဆောက်လုပ်ရေးလို  စီပွားကူးသန်းလို အကောက်ခွန်လို) ရှိနေနိုင်တာမို့ သမ္မတကြီး ဦးသိန်းစိန်ထံ(သို့) လွှတ်တော် ဥက္ကဌကြီးထံသို့ ယင်းဌါနများအား ထဲထဲဝင်ဝင် လေ့လာစုံစမ်း၍ ထိရောက်စွာ ပြောင်းလဲ ပြင်ဆင်ပြုပြင်သင့်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။
လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်
7431
မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်
လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။
ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန် မူဝါဒမျိုးချမှတ် ကျင့်သုံးသင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းဝယ် ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံ ခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီ ကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထား  .  .  .
ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန် သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက် လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့် နိုင်ငံပိုင် နိုင်ငံခြားငွေပမာဏ၊ ရွှေပမာဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့် FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန်အခါ သတ်မှတ်၍ ထုတ်ပြန်ကြေညာ ပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။
အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ ပေးဆောင်မှု မရှိခြင်း၊ အခွန်ရရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏ ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးများတွင် တိုးတက်မှု နှေးကွေးနိုင်ကြောင်း ဖော်ပြထားသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။
အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။
ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေးအတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်း သိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များ လျှော့ချခြင်း၊ အခွန်အကောက်များ ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏ ကို လျော့ကျအောင် လုပ်ဆောင်သင့် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် စွမ်းဆောင်သင့်ကြောင်း တင်ပြထားသည်။
သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ
7432
ဒဂုံ(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ကျေးရွာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ မကျူးကျော်ရဟု
ထုတ်ပြန်ထားသော လယ်ယာမြေများကို ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။
နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကြောင်းပြ မြေကစားသူ လုပ်ငန်းရှင်များ မပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်း လယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခို လုပ်ကိုင်နေသည့် တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန် အတွက် စီမံကိန်းနှင့် တောင်သူ များအကြားမျှတသည့် သတ်မှတ်ချက် တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ် ပေါ်နေသည့် လယ်ယာပြဿနာ များကိုလည်း အဆင့်ဆင့်စစ်ဆေးကာ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် ဖြေရှင်းသင့်သည်  . . .
တောင်သူများ မိမိပိုင်လယ်ယာများအား စွန့်လွှတ်ခဲ့မှုတွင် တစ်ဧကလျှင်ကျပ် ၂၀၀၀၀ မှကျပ် ၅၀၀၀၀ ၀န်းကျင်ဖြင့် ပေးလျော် စွန့်လွှတ်ခိုင်းခြင်းမျိုး ပါဝင်ကြောင်းလည်း သိရသည်။
တောင်သူများအဓိက တောင်းဆိုသည့်အချက်မှာ ကုမ္ပဏီကြီးများ မှာ လယ်ယာများအား မြေညှိပေးခြင်း၊ ပြုပြင်ပေးထားခြင်းများအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ ထို့အတွက် မိမိတို့ယခင် ပိုင်ဆိုင်သည့် လယ်ယာမြေအားလုံးအား ပြန်လည်ရယူရန် မဟုတ်ကြောင်း၊ ထိုက်သင့်သည့် လယ်မြေဧရိယာ သို့မဟုတ်ထိုက်သင့်သည့် တန်ကြေးတစ်ရပ်ရပ် ပြန်လည် ရရှိရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဇူလိုင်လ ၂၀ ရက် နေ့၌ လယ်သမားဦးရေ ၂၇၂ ဦး သည် ဦးအောင်သန်းဦး လုပ်ကိုင်နေသည့် ပင်လယ်ကိုးသွယ်နှင့် မြရွှေဝါ ကုမ္ပဏီလယ်ကွက်များရှေ့၌ ဆန္ဒပြ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ မြရွှေဝါနှင့် ပင်လယ်ကိုးသွယ် ကုမ္ပဏီမှ ဦးအောင်သန်းဦးက လယ်သမား ၃၀ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း၊ တောင်သူ ၃၀ ဦးမှ ဇူလိုင် လ ၃၀ ရက်နေ့တွင် ပင်လယ်ကိုး သွယ်နှင့်မြရွှေဝါကုမ္ပဏီမှ ဦးအောင် သန်းဦးအား လယ်ယာမြေများလိမ် လည်ရယူထားမှုနှင့် တောင်ဒဂုံမြို့ နယ်တရားရုံးတွင်  ပြန်လည်တရား စွဲဆိုရန်စီစဉ်နေကြောင်းသိရသည်။
တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေကိုဖိုးဖြူက “အကျိုးတူလုပ်မယ်ဆိုပြီး တောင်သူ တွေကို နေ့စားပဲပြန်ခိုင်းတယ်။ တောင်သူတွေကို လယ်ထဲမှာမနေခိုင်းဘဲ ထွက်ခိုင်းတာတွေ ရှိတယ်။ ထွက်ခိုင်းပြီး နေစရာအခက်အခဲအတွက် အိုးအိမ်က ပေ ၂၀ _ ၆၀ မြေကွက်တစ်ကွက်စီ ပြန်ပေးတယ်။ တခြားဘာအကျိုးအမြတ်မှမရဘဲ တောင်သူတွေ လယ်ထဲကထွက်ခဲ့ရတယ်။ တောင်သူတွေက သူတို့လယ် မှာ ၀မ်းစာအတွက် လယ်ပြန်ထွန်တဲ့ အခါ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တောင်သူတွေကလည်း လယ်လိမ်လည်သိမ်းယူမှုနဲ့ ပြန်စွဲ ဖို့လုပ်နေတယ်”ဟုပြောပြခဲ့ပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာမှ လယ်သမားကြီး ဦးမြင့်အောင်က “ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေပါ။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုးရေး အထူးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပိုင်း ကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကျိုးတူပူးပေါင်းတယ်ဆိုတဲ့ စကားရပ်ကိုအသုံးပြုလာတယ်။ နောက်ပိုင်းကျ တော့ အကျိုးတူပူးပေါင်းတာ မဟုတ်တော့ဘူး။ နိုင်ငံတော်ကရွှေ့ပြောင်းစရိတ် နှစ်သောင်းပေးပြီး ကျွန်တော်တို့ကို နှင်လွှတ်တာပါ။ ၁၆၈ ရပ်ကွက်မှာ ၂၀ပေ_၆၀ပေ မြေကွက် တစ်ကွက်စီပေးတယ်။ အားလုံးကို ပေးတာတော့ မဟုတ်ဘူး။ လယ်ထဲမှာ တဲရှိတဲ့သူတွေကိုပဲ ပေးတာပါ။ ၂၀၀၉ ခုနှစ် မေလထဲမှာတော့ လယ်သမားတွေကို ဘာမှပြောဆိုဆွေးနွေး ခြင်းမပြုဘဲ ရွှေနဂါးမင်းကုမ္ပဏီက စပြီး လယ်သမား ၃၁ ဦးကို လယ် တစ်ဧက ငါးသောင်းနှုန်းရှင်းပေးတယ်။ ရှင်းပေးပြီး အဲဒီတုန်းက ဒဂုံတောင်ပိုင်း မယကဥက္ကဋ္ဌက အကျိုးတူလဲ လုပ်စရာမလိုတော့ဘူး။ ဇယားရှုတ်လို့ တခါတည်း အပြတ်ရှင်းပေးလိုက်တာဆိုပြီး ခုနှစ်ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်”ဟု ပြောပြခဲ့ပါသည်။
ကုမ္ပဏီကြီး ၁၆ ခုမှ မြေဧရိ ယာ ဧက ၇၀၀၀ ကျော်အား ၂၀၀၈ ခုနှစ်မှစကာ အကျိုးတူလုပ်ကိုင်ခြင်း ဖြစ်ပြီး ကုမ္ပဏီအများစုမှ လယ်ပိုင် အဖြစ် တစ်စတစ်စသိမ်းယူလုပ်ကိုင် ခြင်းဖြစ် ကုမ္ပဏီအချို့မှာမူ တောင် သူများဆန္ဒအရ တောင်သူများအား ပြန်လည်လုပ်ကိုင်ခွင့် ပေးထားခြင်းမျိုး ရှိကြောင်း၊ တောင်သူဆန္ဒအရ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်၍ တောင်သူများ ကျေနပ်မှသာ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိတွင် ဧက ၃၈၀ အား တောင်သူများ ကိုယ်တိုင်အပါအ၀င် လုပ်ကိုင်ခွင့်ပြုပေးထားသော မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစိုးမြတ်က “ကျွန်တော်တို့ ၂၀၀၈ မှ တောင်သူတွေနဲ့ Contract Farming စနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေ စိုက်ပျိုးနည်းပညာ ရအောင်၊ စိုက်ပျိုးတဲ့လယ်ယာမြေတွေ အဆင့်မီစိုက်ပျိုးတဲ့ လယ်ယာဖြစ်အောင်၊ အဓိကအချက်ကတော့ တောင်သူတွေ ဘ၀မြင့်မားလာအောင် လုပ်တာ။ ကျွန်တော်တို့က လယ်ယာမြေတွေကို စလုပ်တော့ မြောင်းတွေ၊ ဗျိုက်တောတွေနဲ့ စိုက်လို့မရဖြစ်နေတဲ့ ဧရိယာ အများကြီးပါတယ်။ အခုအဲဒီဧရိယာ တွေကိုရော အရင်မညီညာတဲ့ လယ်ယာတွေကိုပါ စက်တွေနဲ့စိုက်ပျိုးလို့ ကောင်းအောင်ပြုပြင်ပေးခဲ့တယ်။ ပြီးတော့ တောင်သူတွေကို စနစ်နှစ်မျိုးနဲ့ လုပ်လို့ရကြောင်း ပြောလိုက်တယ်။ တစ်မျိုးက ဒီမှာပဲ လခစားနဲ့လုပ်မလား၊ ကိုယ်တိုင်စိုက်ပျိုးမလား။ အဲဒီမှာ ကိုယ်နှစ်သက်ရာနဲ့ လုပ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပျိုးမယ့် တောင်သူတွေကို သွင်းအားစုအားလုံး ထုတ်ပေးတယ်။ ထွက်လာတဲ့အခါ စပါးတွေပြန်ဝယ်ပေးတယ်။ မြတ်သမျှ တောင်သူအားလုံးယူပေါ့။ အရင်တုန်းက တစ်ဧကမှ ၃၅ တင်းလောက် ထွက်တဲ့ လယ်မျိုးက အခုတစ်ဧက ကို တင်း ၇၀ ၀န်းကျင်ထွက်နေပြီ။ ဒီလိုဖြစ်တဲ့အထိ ပြုပြင်ပေးတယ်၊ သွင်းအားစုပေးတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေးကအစ ထောက်ကူပေးထားတယ်။ အဲဒီအတွက် အခုဆန္ဒပြတဲ့ အထဲမှာ ကျွန်တော်တို့တောင်သူတွေ မပါဘူး။ ကျွန်တော်တို့ပြောတာ ဟုတ်မဟုတ် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ တောင်သူတွေကို အချိန်မရွေး လာမေးလို့ရပါတယ်။ တောင်သူတွေကို ပူးပေါင်းကူညီပေးတာ၊ တောင်သူ တွေဆန္ဒအရ ကျွန်တော်တို့လုပ်နေတာ၊ အဲဒီအတွက် တောင်သူတွေ ကျေနပ်မှ ကျွန်တော်တို့မက်စ်မြန်မာက ဆက်လုပ်မှာပါ”ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကုမ္ပဏီများအား တောင်သူများမှ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ကြားမိတာ ကုမ္ပဏီ ၁၆ ခုစလုံးက တောင်သူတွေ ဆန္ဒပြတာ မဟုတ်ဘူး။ တချို့ကိုယ့်လယ်ကိုယ် ပြန်လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီကုမ္ပဏီမျိုးက တောင်သူတွေတော့မပါဘူး။ မက်စ်မြန်မာက လယ်သမားကို သူ့ဟာသူ စိုက်ချင်တာစိုက် စိုက်ပျိုးစရိတ် ထုတ်ပေးထားတယ်။ နောက်လိုအပ်တဲ့ဆီ၊ သွင်းအားစုပေးထားတယ်။ အချိန်တန်လို့ သီးနှံပေါ်တဲ့အခါ သူ့ကိုပဲ ရောင်းရောင်း၊ အပြင်မှာပဲရောင်းရောင်း သူ့စရိတ်ကိုပဲ ပြန်ယူတယ်။ ဒါပဲ။ ဆန္ဒပြတဲ့အထဲမှာ သူ့လယ်က လယ်သမားတွေ ပါတယ်လို့တော့ မကြားမိပါဘူး။ အဲဒီလိုကုမ္ပဏီမျိုးလည်း ရှိနေသေးတယ်။ ကုမ္ပဏီအများစုကိုတော့ လယ်သမားတွေ မကျေနပ်ဘူး”ဟု တောင်သူလယ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့ နေ ကိုဖိုးဖြူက ပြောကြားခဲ့သည်။
Contract Farming စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ တောင်သူများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသည့် လယ်ယာများအပြင် နီးစပ်ရာတောင်သူများထံမှပါ လယ်ယာများအား တစ်နည်းနည်းဖြင့် ထပ်မံချဲ့ထွင်ဝယ်ယူ လုပ်ကိုင်ခြင်းများပါ ရှိနေကြောင်းလည်း သိရသည်။
“ကုမ္ပဏီကြီးတစ်ခုကဆို ကျွန်တော့်ကုမ္ပဏီက တောင်သူတွေရဲ့ လယ်ပါရောင်းမလားလို့ လာစပ်ခဲ့သေးတယ်။ ကုမ္ပဏီအချင်းချင်းတောင် ပြန်ဝယ်တာမျိုးရှိတာကို ထောက်ပြတာပါ။ အဲဒီလိုလုပ်တဲ့ အတွက်လည်း အခုလိုပြဿနာတွေ ဖြစ်လာတာ”ဟု အဆိုပါကုမ္ပဏီ ၁၆ ခု တွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“တချို့ကုမ္ပဏီတွေက ပေးတယ်။ ဒါပေမယ့် အိုးအိမ်ကတစ်ဆင့် လယ်သမားဆီ ငွေပေးခဲ့တာလည်း ရှိတယ်။ အဆင့်ဆင့်ပေးပြီး နောက်ဆုံး မှ တောင်သူဆီရောက်တော့ ဘယ်လောက်ပဲ ရောက်သလဲ။ ဒါလည်းစစ်ဆေးရမှာပဲ။ ဒါပေမယ့် တချို့ကုမ္ပဏီ ကျတော့လည်း မြေလွတ်တွေ့တာနဲ့ ဆွဲယူလိုက်တာမျိုးလည်း ရှိတယ်။ ဒီပြဿနာက စစ်ဆေးရမယ့်ပြဿနာပါ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ချထားပေးစဉ် က အကွက်ချရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခုကဲ့သို့ လယ်ယာမြေ ပြဿနာများမှာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာတွင် လည်းကောင်း၊ သန်လျင်မြို့နယ်တွင် လည်းကောင်း ကြုံတွေ့ရလျက်ရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသော ဒေါက်တာ ခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု လယ်ယာမြေ ကွင်းအမှတ် (၅၃၁/ ၅၃၃)တို့ရှိ လယ်မြေဧက (၁၀၀၀) ကျော်အား တိုးချဲ့စက်မှုဇုန်ဖော်ထုတ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် အတွင်းကရယူခဲ့သည်ဟု သိရသည်။
ရယူရာတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လယ်သမားများအား ပေါင်းကူးကျေးရွာ ဓမ္မာရုံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ လယ်တစ်ဧကလျှင်ကျပ် ငါးသောင်း ပေးမည်ဟုဆိုကာ ယင်းလယ်များ၌ လယ်ယာလုပ်ကိုင်ခွင့်အား စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေကြောင်း၊ လယ်သမားများမှ လက်မခံသဖြင့် ငွေကျပ်သုံးသိန်းအထိ အဆင့်ဆင့် တိုးပေး၍ လယ်လုပ်ကိုင်ခွင့်ကို စွန့်လွှတ်ရန်နှင့် ငွေမယူပါက လယ်ကွက် ကိုသိမ်းယူမည်ဟု ပြောဆိုခြင်း၊ နေ့စဉ် ရက်ဆက်ဆိုသလို အဆိုပါ ကုမ္ပဏီ မှ လယ်သမားတစ်ဦးချင်းအား ခေါ် ယူပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက် အရသိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၌ ကာလပေါက်ဈေး သိန်း ၂၀ တန်ဖိုးရှိ လယ်တစ်ဧကလျှင် ဂရုဏာကြေး ကျပ်သုံးသိန်းဖြင့် တန်ဖိုးဖြတ်၍ လယ် ၈၁၅ ဧကအတွက် ကျပ်သိန်း ၂၄၀၀ အား လယ်သမားများထံသို့ ပေးအပ်ခဲ့ကြောင်း လယ်သမား ၆၄ ဦး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြသည့် အသနားခံစာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်၌ ယင်းလယ်ကွက် များပေါ်၌ သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီမှရရှိခဲ့ပြီး လယ်မြေများပေါ်၌ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာ ကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများ အားလယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှဇူလိုင်လ ၂၃ရက် နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော် ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးတရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဆွေးနွေးရာတွင် ဒေါက်တာခင်ရွှေမှ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သန်လျင်မြို့နယ်၊ အလွမ်း ဆွတ်ကျေးရွာတွင်လည်း လယ်မြေ ပြဿနာများ တောင်သူနှင့် ရေတပ် အကြားဖြစ်ပွားလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီး၊ နယ်စပ်ရေးရာဝန် ကြီးဌာနတာဝန်ရှိသူများမှ ၀င် ရောက်ဖြေရှင်းပေးကြောင်း သိရသည်။
“၀န်ကြီးက ၂၆ရက်နေ့ ညနေ မှာ ရေတပ်က ဗျူဟာမှူးနဲ့ လယ်သမားတွေကိုခေါ်ပြီး စေ့စပ်ညှိနှိုင်းမှု တွေလုပ်တယ်။ ဒီလယ်မြေတွေမှာ လယ်သမားတွေ အနေနဲ့ ဆက်ပြီး ထွန်ယက်မှုတွေ ပြုနေဦးမယ်ဆိုရင် ကျူးကျော်မှုနဲ့ တရားစွဲဆိုမှာဖြစ်ကြောင်း ရေတပ်ဗျူဟာမှူးက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဆက်ပြီးရင်ဆိုင်ဖို့တော့ မရှိတော့ပါဘူး။ ဥပဒေကိုလိုက်နာသောအားဖြင့် ထွန်ယက်မှုတွေ မလုပ်တော့ပါဘူး။ ဒါပေမယ့် သူတို့မှီခိုနေရတဲ့ လုပ်ငန်းတစ်ခု မရှိတော့တဲ့အတွက် သူတို့ဘ၀တွေ ဆက်လက်ရပ်တည် နိုင်ဖို့အတွက် ၀န်ကြီးဆီကို တင်ပြထားပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမျိုးသန့်က ပြောပါသည်။
နိုင်ငံတစ်နိုင်ငံတွင် စီမံကိန်းဟူသည် အမြဲတစေရှိနေမည့် အခြေအနေဖြစ်ကြောင်း၊ စီမံကိန်းအကြောင်း ပြ မြေကစားသူလုပ်ငန်းရှင်များမ ပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်းလယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခိုလုပ်ကိုင်နေ သည့်တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန်အတွက် စီမံကိန်း နှင့် တောင်သူများအကြား မျှတသည့် သတ်မှတ်ချက်တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် လယ်ယာ ပြဿနာများကိုလည်း အဆင့်ဆင့် စစ်ဆေးကာ မှန်ကန်သည့်ဆုံးဖြတ် ချက်များဖြင့် ဖြေရှင်းသင့်သည်ဟု သုံးသပ်ကြပါသည်။
 ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ကုမ္ပဏီ ၁၆ ခုအား တစ်ကွက်လျှင် လယ်မြေ ဧက ၅၀၀ ချထားပေးပြီး အဆိုပါမြေဧရိယာအတွင်း လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် ကုမ္ပဏီအလိုက် စိုက်ဧကစာရင်း
ကုမ္ပဏီ       လုပ်ငန်းရှင်အမည် မိုးစပါးစိုက်ဧက
ဒဂုံအင်တာနေရှင်နယ်    ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ UMFCCI) ၇၅၀
ယုဇန                  ဦးဌေးမြင့်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်) ၄၇၀
မြင့်ဇေယျာ           လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ ၃၈၀
ဆင်းရွှေလီ          လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ ၆၀၀
ဝန်းရံခ            ဦးတင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ) ၃၈၀
ရွှေနဂါးမင်း        စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၄၄၀
ရွှေနဂါးမင်း(မထားစုရွာ)   စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၂၀၀
မက်စ်မြန်မာ      ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) ၃၈၀
ရွှေဟိန်းထက်     ဦးဝင်းနိုင်(ဆောက်လုပ်ရေးနှင့် ကျောက်မျက်ကုမ္ပဏီလုပ်ကိုင်) ၃၀၀
ဧဒင်ကုမ္ပဏီ          ဦးချစ်ခိုင်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း) ၄၀၀
ဂရင်းအေးရှား           ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်ကုမ္ပဏီ)၏ လုပ်ငန်းခွဲကုမ္ပဏီ ၄၀၀
အမျိုးသားကြီးပွားတိုးတက်ရေး  အမျိုးသားကြီးပွားတိုးတက်ရေး   ဦးစိုးထွန်းရှိန်     ၄၀၀
ရွှေတောင်         ဦးအိုက်ထွန်း ၄၀၀
ပင်လယ်ကိုးသွယ်           ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်) ၄၅၀
မြရွှေဝါ   ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်) ၃၈၀
ဂွဒ်ဘရားသား       ဦးလှဦး(ဒါရိုက်တာ) ၃၅၀
စတင်လုပ်ကိုင်ချိန်၌ မြ၀တီကုမ္ပဏီ(ဦးပိုင်) ပါဝင်ကြောင်း၊ နောက်ပိုင်းတွင် အိုး/အိမ်သို့ ပြန်လည်အပ်နှံထားကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် ဒဂုံအရှေ့ပိုင်းတွင် ကုမ္ပဏီစုစုပေါင်းအား ချထားပေးသည့် လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိကြောင်း၊ နောက်ပိုင်းတွင် အချို့ကုမ္ပဏီကြီးများမှ နီးစပ်ရာ လယ်ယာများအား ထပ်မံသိမ်းဆည်း ၀ယ်ယူခြင်းများကြောင့် ဧကပိုမိုများပြားလာပြီးစ ယခုအခါ ဧက ၁၀၀၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။ ယင်းအထဲ၌ စားကျက်မြေ၊ ရေနက်ကွင်း၊ ရေမြောင်းများ၊ မွေးမြူရေးကန်များလည်း ပါဝင်ကြောင်း၊ ဖော်ပြပါ ကုမ္ပဏီလိုက် လယ်ဧကများမှာ ပြီးခဲ့သည့် နှစ်မိုးစပါးစိုက်ဧကသာ ဖြစ်ပြီး ကုမ္ပဏီများပိုင်ဆိုင်သည့် ဧကအားလုံး မဟုတ်ပါ။ ပိုင်ဆိုင်သည့် ဧကများမှာ ယခုထက် ပိုမိုများပြားပါသည်။ မှတ်ချက်။        ။ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် စက်မှုဇုန်စီမံကိန်းအတွက် လယ်ယာမြေ သိမ်းယူထားမှုသည်လည်း ပြဿနာဖြစ်ပွားလျက် ရှိသည်။ သန်လျင်မြို့နယ် လွမ်းဆွတ်ကျေးရွာတွင်လည်း လယ်မြေပြဿနာ ကြုံတွေ့ရသည်။
Sunday, July 29, 2012
ရွှေကြော အန္တရာယ်နဲ့ အခွင့်အလမ်းဆောင်းပါး
ရွှေဈေးကလည်း မကျတဲ့အပြင် တရိပ်ရိပ်နဲ့တက်လာတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးလာတော့ အရင်ကလောက် ရွှေ တူးတဲ့ ကုမ္ပဏီတွေ မမြတ်တော့ဘူး။ တွေ့ပြီးသားရွှေကြောတွေကို တူးတာကလည်း နှစ်အနည်းငယ်အတွင်းမှာ ကုန်သွား မှာဆိုတော့ ရွှေကြောအသစ်အသစ်တွေကို ကုမ္ပဏီတွေက အပြိုင်အဆိုင်ရှာလာပါတော့တယ်။
ရွှေတူးတဲ့ ကုမ္ပဏီကြီးတွေမှာ ကမ္ဘာပတ်ပြီး ရွှေရှာဖို့အတွက် သီးသန့်ဖွဲ့ ထားတဲ့ ဌာနရှိတယ်။ The Growth and International Project Team လို့ခေါ်တယ်။ သူတို့အလုပ်က နယ်လှည့်ပြီး ရွှေကြောဖြစ်နိုင်ခြေကို လိုက်ပြီးရှာတယ်။
ပထမဆုံး သူတို့အနေနဲ့ ရုံးခန်းထဲမှာထိုင်ပြီး ကမ္ဘာပေါ်ကနိုင်ငံတွေထဲကနေ ရွှေထွက်များနိုင်တဲ့ နိုင်ငံတွေကို ရွေးချယ် တယ်။ အင်္ဂလိပ်လိုကတော့ Global View of the Macro Geological Picutre on high level targeting လို့ခေါ်ပါ တယ်။ ဘာနည်းပညာကိုသုံးလဲဆိုတော့ Global Business Area Rating (GBar) ဆိုတဲ့ နည်းပညာပါ။ ဒါကတော့ ရွှေ ထွက်များတဲ့ နိုင်ငံတွေကို ရုံးခန်းထဲကနေ မြေပုံဆွဲတဲ့အတက်ပညာပါ။ ဥပမာ အမေရိကန်ကပိုင်တဲ့ လန်းက်ဆဲဗင်းလို ဆက်တလိုက်နဲ့ လေ့လာသလို အခြား နောက်ဆုံးပေါ် နည်းပညာတွေနဲ့လည်း လေ့လာတယ်။ ကုမ္ပဏီကြီးတွေက ဘယ် နေရာမှာ Ore Body လို့ခေါ်တဲ့ ရွှေကြောရှိလဲဆိုတာကို လူကိုယ်တိုင်မသွားခင်ကတည်းက အကြမ်းဖျင်းသိပါတယ်။
တကယ်လို့ ရွှေထွက်ကောင်းတဲ့နေရာကိုတွေ့ရင် သူတို့အနေနဲ့ တိုက်ရိုက်ရှာဖွေရေးဆင်းပါတယ်။ ဒီနေရာမှာ စက်ယန္တ ယား အကူအညီနဲ့ Samples ကောက်တယ်။ တူးဖို့အထိကို အဆင့်ဆင့်ကျော်ဖြတ်ရတယ်။ ရွှေကြောကြီးရင် ကြီးသလို လေးငါးနှစ်အထိ ရှာဖွေရေးလုပ်ရတယ်။တကယ်လို့ ရွှေအထွက်နှုန်းကောင်းတာကိုတွေ့ရင် ကုန်ကျစရိတ်နဲ့ အမြတ်ဘယ် လောက်ရမလဲ ဆိုတာကို တွက်ချက်ရတယ်။ Resources Geologist ဆိုတဲ့ပညာရှင်က သူ့ရဲ့အဓိကအလုပ်ဖြစ်တဲ့ အ မြတ်နဲ့အရှုံးကို မတူးခင်ကတည်းက တွက်ပြီးသားပါ။ ဥပမာ ကျနော်တို့ ကုမ္ပဏီဆိုရင် Rules of 2s ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးတယ်။ မြန်မာနိုင်ငံမှာ ရွှေတွေ့ပြီဆိုရင် သုံးလေးတန်လောက်ကို စိတ်မဝင်စားပါဘူး။ ရွှေအောင်စ နှစ်သန်း အ နည်းဆုံး ရှိရမယ်။ တနှစ်ကို ရွှေအောင်စ နှစ်သိန်းထွက်ရမယ်။ ဒိထက်နည်းရင် ကျနော်တို့ စိတ်မဝင်စားပါဘူး။
မြန်မာပြည်မှာ တပိုင်တနိုင်တူးတဲ့ လူတွေရှိတယ်။ ဒါကို အင်္ဂလိပ်လို့ခေါ်ရင် Artisanal and Small-scale Mining(ASM) လို့ခေါ်တယ်။ နိုင်ငံတိုင်းမှာ ဒီလိုလူတွေအများကြီးပါ။ မိရိုးဖလာလုပ်စားတယ်လို့လည်း ဆိုလို့ရတယ်။ အထူးသဖြင့် ဆင်း ရဲတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးတွေ့ရတယ်။ The World Gold Council က တပိုင်တနိုင် လုပ်ငန်းလုပ်တဲ့ လူ တွေဟာ သန်း ၈ဝ ကနေ သန်းတရာအထိ ရှိမယ်လို့ခန့်မှန်းတယ်။ အလုပ်လက်မဲ့ဖြစ်လာပြီးဆိုရင် ဒီလိုအလုပ်ကို လုပ် ကြတယ်။ အာရှမှာအများဆုံးပဲ။ ကမ္ဘာ့ရွှေထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်းကို တပိုင်တနိုင်တူးတဲ့လူတွေက ထုတ်လုပ်ပေး တယ်။ ကျန်တဲ့ ၉ဝ ကိုတော့ ကုမ္ပဏီကြီးတွေက ထုတ်ပေးတယ်။ ဒီနေရာမှာ ကုမ္ပဏီကြီးတွေနဲ့ အဲဒီလို လူတွေကြားမှာ ပြဿနာရှိတယ်။ ဘယ်လို ပြဿနာလဲဆိုတော့ လက်နဲ့တူးတဲ့လူတွေက ရွှေရှိမဲ့နေရာကို သိတယ်။ သူတို့ သိတာကို ကုမ္ပဏီကြီးတွေက လေ့လာရတယ်။ ပြီးတော့ အဲဒီနေရာ အကြီးအကျယ်တူးကြပါတယ်။ ဒီလိုဆိုတော့ လက်နဲ့တူးတဲ့ လူတွေ အလုပ်လက်မဲ့ ဖြစ်ကြတယ်။ ဒါနဲ့ကုမ္ပဏီတွေကို ပြဿနာရှာရောပဲ။ အင်ဒိုနီးရှား၊ ဂါနာ၊ ပီရူး စတဲ့ နိုင်ငံတွေမှာ ခုတ်ကြ သတ်ကြတဲ့အထိ ဖြစ်ဖူးတဲ့ ဥပမာတွေရှိတယ်။ သေလိုက်တဲ့လူတွေကလည်း မနည်းဘူး။
ဒီလိုမဖြစ်အောင် ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီကြီးတွေက သူတို့အတွက်လည်း စဉ်းစားပေးတယ်။ စီစဉ်ပေးတယ်။ ဘယ်လို စီစဉ်ပေးလဲဆိုတော့ ကုမ္ပဏီပိုင်တဲ့ နေရာမှာ လက်နဲ့တူးတဲ့လူတွေအတွက် သီးသန့်နေရာ သတ်မှတ်ပေးတယ်။ တူးတဲ့လူ တွေအနေနဲ့ စည်းကမ်းကို သတ်မှတ်ပေးတယ်။ ဒီလိုမှ မလုပ်ရင် ဖြစ်သလိုတူးကြရောပဲ။ တကယ်လို့သာ နေရာသီးသန့် မလုပ်ပေးထားရင် ကုမ္ပဏီနဲ့ အဲဒီလူတွေအကြားမှာ အကြီးကျယ်ပြဿနာတက်နိုင်သလို သူတို့လည်း ဘာနဲ့ ထမင်းစား မလဲ။ ဆိုတော့ နှစ်ဘက်လုံးအတွက် မျှမျှတတစဉ်းစားပေးရတယ်။
ဂါနာနိုင်ငံမှာ ဖြစ်ခဲ့တုန်းကဆိုရင် ကြောက်စရာအင်မတန်ကောင်းတယ်။ ကျနော်တို့ ကုမ္ပဏီတူးနေတဲ့ ပိုင်နက်ထဲကို ဒေ သခံတွေက အတင်းအဓမ္မ ဝင်ပြီးတူးတယ်။ လူပေါင်း ၂၅ဝဝ လောက်ရှိတယ်။ မောင်းထုတ်လည်း မရဘူး။ နောက်ဆုံး စစ်တပ်ကိုခေါ်တဲ့အထိ ဖြစ်လာရော။ တချို့ဆိုရင် မိုင်းထဲမှာတောင် အပင်တွေ စိုက်ပျိုစားတဲ့အထိ ဖြစ်ကြတယ်။ နောက် ဆုံး ဒေသခံတွေနဲ့ ကုမ္ပဏီကြားမှာ အပေးယူလုပ်ရသလို ဂါနာအစိုးရရဲ့အမိန့်ကိုလည်း နာခံရတယ်။ နောက်ဆုံးတော့ သူတို့အတွက် သီးသန့်နေရာကို တူးဖို့အတွက် စီစဉ်ပေးရပါတယ်။
မိုင်းတူးတဲ့အခါမှာ သဘာဝပါတ်ဝန်းကျင်အပြင် လူမှု့ ဘဝတွေကို ထိခိုက်စေတယ်။ ဒီလိုမဖြစ်အောင် ကုမ္ပဏီတွေအနေနဲ့ စဉ်းစားရတယ်။ နှစ်ဘက်လုံးအတွက် အကျိုးအမြတ်ရှိမှ လုပ်တယ်။ အထူးသဖြင့် ကုမ္ပဏီတွေက အထူးတာဝန်ယူကြရ တယ်။ တာဝန်မယူနိုင်ဘူး၊ မယူချင်ဘူးဆိုရင် မတူးရဘူးလို့ သြစတေးလျနိုင်ငံ မိုင်းဥပဒေက အတိအလင်း ပြဋ္ဌာန်းထား သလို ကျူးလွန်ခဲ့ရင်လည်း လုံးဝကိုအရေးယူတယ်။ လျှောက်လွှာတင်ကတည်းက ဒေါ်လာသန်းချီပြီး အပေါင်တင်ထား ရတယ်။ ကျနော်တို့ ကုမ္ပဏီက ၂၅ သန်းတင်ရတယ်။ အစိုးရရဲ့ဥပဒေကို မလိုက်နာရင် အဲဒီငွေဆုံးပဲ။ ဒါ့ကြောင့် ဘယ်သူ မှ မလှုပ်ရဲဘူး။
မိုင်းတူးရင် မြေရှင်းရတယ်။ မြေတူးရတယ်။ သစ်ပင်တွေခုတ်လဲရတယ်။ မိုင်းကြောင့် မြေအောက်ရေကအစ မြေပေါ်ရေ အထိ ညစ်ညမ်းမှုတွေ ရှိတယ်။ ရှေးဟောင်းအမွေအနှစ်တွေအပြင် ရွာတွေကိုလည်း ထိခိုက်စေတယ်။ ကုမ္ပဏီကတော့ ရွှေလိုချင်လို့ ရွှေတူးတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဘယ်လိုမျိုး အထက်ကပြောတဲ့ မြေ၊ ရေ၊ လေ၊ လူ စတဲ့ အရာကို မထိ အောင် စီမံခန့်ခွဲမလဲ။
ပီရူးနိုင်ငံမှာ ကုမ္ပဏီရဲ့ရွှေတူးဖော်ရေးမိုင်းရှိတယ်။ မိုင်းပတ်လည်မှာ ဒေသခံရွာပေါင်းများစွာလည်းရှိတော့ ကုမ္ပဏီနဲ့ သူ တို့ရဲ့ဆက်ဆံရေး ပြေလည်စေဖို့၊ သူတို့လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရတယ်။ ပီရူးအစိုးရက ဘယ်လို ဥပေဒ ရှိလည်းတော့ မသိဘူး။ သို့သော် ကျနော်တို့ ပေါ်လစီက သူတို့ရဲ့ အခက်အခဲကိုလည်း ဖြေရှင်းပေးရမယ်လို့ ပြဋ္ဌာန်းထား တယ်။ ဒါကို ဝန်ထမ်းတိုင်းလုံးဝ လိုက်နာပြီး အကောင်အထည်ဖော်ကြရတယ်။ ဒေသခံတွေအတွက် ကျန်းမာရေး၊ ပညာ ရေး၊ အလုပ်အကိုင်ရရှိရေးနဲ့ စည်းပွားရေးလုပ်ငန်းတွေ ကြီးထွားလာအောင်ကို အစီအစဉ်တွေချမှတ် အကောင်အထည် ဖော်ပေးတယ်။ အဲဒီဒေသမှာ မိုင်းတူးတော့ ဝန်ထမ်းတွေလိုတယ်။ မြန်မာနိုင်ငံကလို ကုမ္ပဏီတွေရဲ့ အလုပ်သမားတွေ အားလုံးက တရုတ်နိုင်ငံက တင်သွင်းလာသလိုမျိုး လုပ်လို့မရဘူး။ ရွာတွေကနေ အလုပ်သမားပေါင်း ၁၂ဝဝ ကို အလုပ် ခန့်တယ်။ သူတို့က မိုင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမရှိတဲ့အပြင် ဗဟုသုတလည်း အင်မတန်နည်းတယ်။ နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေကနေ အဲဒီဒေသက အလုပ်သမားတွေကို လုပ်ငန်းခွင်ဆိုင်ရာသင်တန်းတွေ၊ လက်တွေ့တွေပေး တယ်။ ဥပမာ ဘူဒိုဇာမောင်းနည်းပညာ၊ မြေသည်စက်မောင်းနည်းပညာ၊ ပန်းရံပညာကစပြီး မီးပြင်တဲ့ပညာအဆုံး သင် တန်းတွေကို အချိန်ယူပြီးသင်ပေးတယ်။ ဒါကို The Driect Area of Influnece (DAI) လို့ ခေါ်တယ်။ သူတို့လည်း ပညာ နဲ့ အလုပ်ရသလို ကုမ္ပဏီအတွက်လည်း တွက်ခြေကိုက်တယ်။ နိုင်ငံခြားက ဈေးကြီးကြီးပေးငှားရတဲ့ ဝန်ထမ်းတွေအစား ဈေးပေါတဲ့ ဒေသခံတွေနဲ့တင် မိုင်းကလည်ပတ်လို့ရတော့ နှစ်ဘတ်လုံးအတွက် အဆင်ပြေတယ်။
ကုမ္ပဏီကြီးတခုမှာ အနည်းဆုံးဝန်ထမ်းက ထောင်ကျော်ရှိတယ်။ ဒါ့အပြင် ဌာနတွေလည်းအတော်များတယ်။ အိုင်တီ ဌာကစလို့ ဂျီအိုလော်ဂျီအထိ ဌာနတွေရှိတော့ တက္ကသိုလ်ကျောင်းသားတွေအတွက် အခွင့်အလမ်းကောင်းတယ်။ တက္က သိုလ်က ဘွဲ့မရသေးခင်မှာ အလုပ်သင်အနေနဲ့ မိုင်းမှာလာပြီးလုပ်ကြတယ်။ တော်တဲ့ကျောင်းသား အလုပ်ကျိုးစားတဲ့ ကျောင်းသားဆိုရင် တခါတည်း အလုပ်ခန့်တော့ ကျောင်းသားတွေ အလုပ်ပါရပါတယ်။ ဒီလိုအခွင့်အလမ်းမျိုးကို ကုမ္ပဏီ က တနှစ်မှာ အယောက်ငါးဆယ်လောက် တက္ကသိုလ်တွေနဲ့ချိတ်ထားပြီး အခွင့်အလမ်းပေးတော့ မြန်မာပြည်မှာလို ဘွဲ့ရ အလုပ်လက်မဲ့တွေ မရှိနိုင်တော့ဘူး။ အလုပ်မရရင်တောင် အလုပ်အတွေ့အကြုံနဲ့ ဘွဲ့ရှိတော့ အခြားကုမ္ပဏီတွေမှာ အ လုပ်ရနိုင်ပါတယ်။ ဒါမျိုးကို မြန်မာပြည်က ကုမ္ပဏီတွေ လုပ်ကြစေချင်တယ်။
နောက်တခုက ပညာတော်သင်လွတ်တဲ့ ကိစ္စပါ။ ကုမ္ပဏီကနေ နိုင်ငံခြားတိုင်းပြည်တွေက ကုမ္ပဏီတွေနဲ့ ဝန်ထမ်းချင်း လဲလှယ်တဲ့ အစီအစဉ်လုပ်ပေးတယ်။ ဥပမာ ကျနော်တို့ဌာနက ဂျီသြလောဂျစ်တွေ ဖင်လန်၊ ဖိလစ်ပိုင်နဲ့ တောင်အာဖရိ က နိုင်ငံက မိုင်းတွေမှာ သွားပြီးအလုပ်အတွေ့အကြုံယူရတယ်။ သူတို့ဆီက ဝန်ထမ်းလည်း သြစတေးလျက ကျနော်တို့ မိုင်းမှာလာပြီး လေ့လာတယ်။ ဒါမှ ပညာချင်းဖလှယ်နိုင်မှာပါ။ ဝန်ထမ်းတွေရဲ့အရည်အသွေးလည်း အမြဲတိုးတက်နေ တယ်။ တနှစ်မှာ လေးငါးခြောက်လတခါ သင်တန်းတက်ရတယ်။ ပညာနဲ့ပေါ်လစီဆိုတာက အမြဲတမ်း အသစ်ဖြစ်လေ့ရှိ တော့ ဒါတွေကို အမီလိုက်ဖို့က သင်တန်းလိုတယ်။ ဒီလိုမှ မတက်ရင် ဝန်ထမ်းအရည်အသွေးက ညံ့သထက်ညံ့လာပြီး ကုမ္ပဏီလည်း ဒေဝါလီခံရမှာကို အရာရှိကြီးတွေသိတော့ လုပ်ပေးပါတယ်။
ပီရူးနိုင်ငံမှာ ဒေသခံတွေရောင်းတဲ့ ဆန်ဆီးဆား ငရုတ်ကြက်သွန်ကစလို့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း ကျနော်တို့ ပေါ် လစီအရ ဝယ်ရတော့ ရွာက စီးပွားရေးကောင်းလာတယ်။ အဲဒိဒေသက အင်မတန်ခေါင်တဲ့အပြင် အစိုးရကလည်း လက် လှမ်းမမီဘူး။ ဒီတော့ ကုမ္ပဏီက ကျောင်းတွေဖွင့်တယ်။ ဆေးပေးခန်းတွေဆောက်တယ်။ ဆေးရုံတွေဆောက်ပေးတယ်။ ကုန်ကုန်ပြောရင် သူနာပြုတွေကအစ ဆေးမှူးတွေအဆုံး ကုမ္ပဏီကနေ ငွေကုန်ပြီး သင်တန်းပေးတယ်။ သင်တန်းဆင်း တွေက သူတို့ရွာတွေမှာ ပြန်လုပ်ကြတော့ အကျိုးရှိပြန်တယ်။ မိုင်းစဖွင့်တုန်းက ဒေသခံတွေက ကုမ္ပဏီကို အရမ်းဆန့် ကျင်တယ်။ အခုတော့ သူတို့ဆန့်ကျင်ဖို့ နေနေသာသာ ကုမ္ပဏီက အဲဒီဒေသကနေ ထွက်သွားမှာကို အရမ်းကြောက် နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့စီးပွားဖြစ်နေပြီဆိုတော့ ကုမ္ပဏီမှ မရှိရင် ဒုက္ခဖြစ်တော့မှာကို ကြိုသိတယ်။
ရွှေမိုင်းက ရေကို အရမ်းသုံးရတယ်။ ရေနဲ့ ဆင်နိုက်လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ရောစပ်ပြီးမှ ရွှေကိုကျောက်သားကနေ ထုတ်ယူလို့ရတယ်။ အင်မတန်ကြီးတဲ့မိုင်းတင်မဟုတ်ဘူး လက်နဲ့တူးတဲ့လူတွေလည်း ဒါကိုပဲသုံးရတယ်လို့ ထင်တယ်။ မြစ်ချောင်းတွေမှာရွှေကျင်တော့ အဲဒီ ဆင်နိုက်အရည်က ချောင်းထဲစီးဝင်တယ်။ ဒါကို လူနဲ့ငါးကသောက်တော့ ရောဂါရ ရော။ အပင်လည်း အဆိပ်သင့်တယ်။ ရွှေအောင်စ သန်းနဲ့ချီပြီးထုတ်တဲ့ ကုမ္ပဏီဟာ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ် ရတယ်။ တချက်ကလေးလွဲတာနဲ့ဘေးနားက ရွာတွေ ဒုက္ခဖြစ်ရောပဲ။
ပီရူးမှာ ရွှေမိုင်းစဖွင့်တော့ ရွာတွေက သူတို့ချောင်းတွေ ညစ်ပတ်ကုန်ပြီဆိုပြီဆင်ခြေပေးတယ်။ ကန့်ကွက်တယ်။ နောက် ဆုံး ကျနော်တို့ကဘယ်လို စဉ်းစားရလဲဆိုတော့ Open Transpency ကို ကျင့်သုံးလာရတယ်။ သူတို့ယုံကြည်စိတ်ချ အောင် လုပ်တဲ့နည်းလမ်းက အားလုံးပွင့်လင်းမှ ရမယ်။ ဒါနဲ့ မင်းတို့ရွာတွေက ကိုယ်စားလှယ်ရွေး။ ပြီးရင် အဲဒီလူတွေနဲ့ ရေသန့်ရှင်းရေးကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တွဲပေးပြီး မြစ်ချောင်းတွေမှာ ရေစစ်တမ်းကောက်တယ်။ ခြောက်လ တခါ ကောက်တယ်။ ခေတ်မီစက်တွေနဲ့ စစ်တယ်။ ဒါတင်မဟုတ်သေးဘူး။ Exernal Audit လိုခေါ်တဲ့ အပြင်က အစိုးရအသိ အမှတ်ပြု လက်မှတ်ရ ရေအရည်အသွေးကိုစစ်တဲ့ ကျွမ်းကျင်ပညာရှင်တွေက ခြောက်လတခါ ပုံမှန်ပြန်စစ်တယ်။ ရလာ တဲ့ ရလာဒ်ကို လူထုကို အသိပေးတယ်။ တကယ်လို့ ရေမသန့်တာတွေ့ရင် မိုင်းကိုပြန်ပြီ ဒီထက်ကောင်းတဲ့ စီမံခန့်ခွဲမှုနဲ့ စိစစ်ပြန်တယ်။ နောက်ဆုံး လူထုကလည်း လက်ခံလာတယ်။ သူတို့ထင်တာတွေ မှားနေတယ်လို့ ပြောတယ်။ တချို့ သော သဘာဝပတ်ဝန်းကျင်နဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေက ပထမဆုံးသူတို့အထင် ချောင်းတွေမြစ်တွေက ညစ်ညမ်း နေပြီဆိုပြီး ကန်ပိန်းလုပ်ထားတာကို ပြန်ရုပ်သိမ်းတယ်။ ဒါ့ကြောင့် Company တိုင်း Open Transpency က အောင်မြင် ရေးအတွက် အင်မတန်ကို အရေးကြီးတယ်။
ရွှေကျင်ဖို့အတွက် မိုင်းထဲမှာ တွင်းအကြီးကြီးကို တူးရတယ်။ မိုင်းကညစ်ညမ်းရေတွေကို အဲဒီတွင်းထဲကို စွန့်ထုတ်တယ်။ တွင်းအောက်မှာ ရေမစိမ့်နိုင်တဲ့ တာလပတ်ကို ခံထားတော့ ညစ်ညမ်းရေက မြေအောက်ရေအထိ စိမ့်မဝင်နိုင်ဘူး။ ပြီး တော့ ရေကို Recycling လုပ်တယ်။ ပိုတဲ့ရေကို ဘေးနားက ရွာတွေမှာ လယ်ယာစိုက်ပျိုးနိုင်အောင် ဖြန့်ဖြူးပေးတယ်။ ဒီလိုပုံစံနဲ့ ဆင်နိုက်အန္တရာယ်ကနေ ကာကွယ်ပေးထားတော့ မြစ်ချောင်းတွေထဲအထိ ရေညစ်တွေက မရောက်တော့ဘူး။
နောက်တခုက မည်သည့်မိုင်းမဆို စက်ယန္တယားတွေနဲ့တူးတော့ ဆီချေးအလေအလွင့်တွေက မြေပေါ်ကိုကျတယ်။ ဒီဟာ တွေကို Hydrocarbon လို့ခေါ်တယ်။ ဓာတ်ဆီ၊ ဒီဇယ်နဲ့အင်ဂျင်ဝိုင်တွေကို ဆိုလိုတာပါ။ ဒီလိုမဖြစ်အောင် ဝန်ထမ်းတိုင်း ကို သင်တန်းပေးတယ်။ ဒါကို SpillsTraining လို့ ခေါ်တယ်။ ပြီးတော့ အထောက်အကူပစ္စည်းတွေကို ပံ့ပိုပေးတယ်။ ဥပမာ အင်ဂျင်ဝိုင်က မြေပေါ်ကိုကျလာရင် စုပ်ထုတ်တဲ့ ဖော့ပြားတွေကို အရံသင့်ထားပေးထားတယ်။ ဆီဂျေးတွေက မြေပေါ်ကိုကျရင် မြေအောက်ရေထဲအထိ စိမ့်ဝင်နိုင်တယ်။ လူတွေက ဒီရေကိုသောက်မိရင် ရောဂါရတယ်။ မိုင်းတိုင်းမှာ ဒီကိစ္စက အန္တရာယ်အကြီးဆုံးပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကားတွေက အများကြီးကိုး။ ဒါကိုမှ စီမံခန့်ခွဲမှုကောင်းကောင်း မလုပ်နိုင်ရင် မည်သည့် သယံဇာတမှ မရှာတာအကောင်းဆုံးပဲ။
မြန်မာနိုင်ငံမှာတွေ့နေရတဲ့ မိုင်းတွေအားလုံးလိုလိုက ကျနော်လုပ်နေတဲ့ ကုမ္ပဏီနဲ့ဆို၊ ဆီနဲ့ရေလို အင်မတန်ကွာပါတယ်။ နေရာတိုင်းလိုလိုမှာ အင်အားတွေဖြည့်ဖို့ လိုနေတယ်။ ဒါကတော့ နည်းပညာအပါအဝင် စဉ်းစားပုံစဉ်းစားနည်းပါ။
အမြတ်လိုချင်တာတခုတည်းနဲ့ မလုံလောက်ဘူး။ Multinational Company ကြီးတွေက သူတို့ရဲ့ဂုဏ်သိက္ခာ (Good Reputation) ကို အထိမခံတဲ့အတွက် သူတို့တွေဟာ စနစ်တကျလုပ်ပါတယ်။
ကျနော်အနေနဲ့ ဘာ့ကြောင့် ကျနော်လုပ်နေတဲ့ကုမ္ပဏီကို မြန်မာပြည်ထဲမှာ သွင်းချင်လဲဆိုတော့ သူတို့က စံပြ (Role Model) ဖြစ်လာပြီး အခြားကုမ္ပဏီတွေလည်း အတုခိုးလာမယ်လို့ လုံးဝယုံကြည်လိုပါ။ အစိုးရရဲ့ စီမံခန့်ခွဲမှုကတော့ တ ပိုင်း ဖြစ်ပါတယ်။ ကုမ္ပဏီတွေကလည်း တဖက်တလမ်းကနေ လူထုအတွက် တာဝန်ယူရတယ်။ ကူညီရတယ်။ ဒါကို Duty of Care လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် အမြတ်ငွေလည်းယူကြပါ။ ကူလည်း ကူညီကြပါလို့ ပြောချင်ပါတယ်။
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
သူတို့ တို့ တွေလာလည်ကြတယ်
free counters
အဖတ်များသောပို့ စ်များ