
နေပြည်တော်ပျဉ်းမနားမြို့နယ် ဥယျာဉ်စုအုပ်စု ဦးကျေးရွာနှင့် အိုးဖိုရွာရှိ လူနေအိမ်ခြေ ၂၀၀ ကို ကျူးကျော်အဖြစ် သတ်မှတ်ဖျက်သိမ်းခဲ့ သည့်အတွက် မိသားစု ၃၀၀ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါဖျက်သိမ်းခံရသည့် ကျေးရွာများသည် ၁၉၇၄ ခုနှစ်ခန့်မှစ၍ နေထိုင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် လယ်ယာမြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပထမဆုံးအကြိမ်အဖြစ် တရားစွဲခဲ့ပြီး အသနားခံစာ တင်ခဲ့သည့်အတွက် ပြေလည်သွားခဲ့ကြောင်း သိရသည်။ ယခုတစ်ကြိမ်တွင်မူ လယ်ယာမြေကျူးကျော် ပုဒ်မ ၄၈(က)ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တရားစွဲဆိုပြီး ဖျက် သိမ်းခိုင်းခဲ့ကြောင်း သိရှိရသည်။
'' ကျွန်တော်တို့နေလာတာ နှစ် ၄၀ကျော်လာပါပြီ။ ဒီမြေဟာ လယ်ယာမြေမှန်းလည်း မသိပါဘူး။ ဘိုးဘွားစဉ်ဆက် နေလာတာဆိုတော့ တရားစွဲခံရမှ လယ်ယာမြေမှန်း သိတာပါ။ ဒီမြေဟာ သဲသောင်ကြီးဖြစ်နေတော့ ဘာသီးနှံမှစိုက်လို့ မရပါ ဘူး။ အခု သူတို့တရားစွဲတာက အိမ် ခြေ ၂၀၀ လုံးရှိ အိမ်ထောင်ဦးစီးတွေကို တစ်ပြိုင်တည်းစွဲဆိုတာမဟုတ်ဘဲ ငါးယောက်တစ်ခါ၊ ခုနစ် ယောက်တစ်ခါ စသည်ဖြင့် တရားစွဲပါတယ်။ တရားသူကြီးက ဒီအမှုဟာ ငွေဒဏ်လည်း သတ်မှတ်လို့ မရဘူး။ ဖျက်မိန့်လည်း ပေးလို့မရဘူး။ ထောင်ဒဏ်ပဲရှိတယ်လို့ပြောပြီး ရုံးချိန်းတိုင်း အိမ်ကိုဖျက်ခိုင်းနေတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရွာက ဦးဝင်းနိုင်ဆိုသူကို အိမ်မဖျက်ပေးလို့ ထောင်သုံးလချလိုက်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ဖျက်ပါတယ်ဆိုတဲ့ လက်မှတ်ကိုလည်း တရားရုံးမှာ လက်မှတ်ထိုးရပါတယ်'' ဟု ဦးကျေးရွာမှ ဦးတင်ဦးက ပြောပြခဲ့သည်။
ဆက်လက်၍ ဦးကျေးရွာ မှ ဒေါ်ခင်မာလွင်ကလည်း'' ကျွန်မတို့ အိမ်တွေဖျက်ပေးလိုက်ရတော့ လျော်ကြေးလည်းမရပါဘူး။ နေဖို့ မြေနေရာလည်း အစားပြန်မရလို့ နေဖို့ခက်ခဲနေပါတယ်။ ကလေးတွေ စာကျက်ဖို့ နေရာဆိုတာလည်းမရှိဘူး။ သွားနေစရာနေရာမရှိလို့ ဖျက်ထားတဲ့နေရာမှာပဲ ဘယ်နှရက်နေပါဦးမယ်ဆိုတဲ့ ၀န်ခံကတိနဲ့ နေနေရပါ တယ်။ ကျွန်မတို့ ရွာသားတွေကတော့ နေဖို့နေရာလေး သတ်မှတ်ပေးစေချင်ကြပါတယ်။ ဒါမှလည်း ကျောင်းသားတွေအတွက်လည်း အဆင်ပြေမယ်။ နေစရာလည်းရှိမယ်။ ကျောင်းသားဦးရေက နှစ်ရွာပေါင်း ၁၀၀ ကျော် လောက်ရှိတယ်။ အစမ်းစာမေးပွဲကိုလည်း အခက်အခဲတွေကြောင့် မဖြေနိုင်ကြဘူး'' ဟု ခံစားနေရမှုများကို ရင် ဖွင့်ခဲ့သည်။
ယင်းကျေးရွာများသည် ဥယျာဉ်စုအုပ်စုနယ်မြေ ၂ ဟု သတ်မှတ်ထားပြီး ပုံစံ ၁၀၊ ပုံစံ ၆၆ များရရှိထားပြီး စည်ပင်သာယာသို့လည်း နှစ်စဉ်အခွန်ပေးဆောင်ထားရကာ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ ဖျက်သိမ်းနေပြီး အိမ်ခြေ ၅၀ခန့် ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment