Wednesday, August 1, 2012

အွန်လိုင်းက ကောင်းတာရှိသလို မကောင်းတာပိုများသလိုပဲလို့ဆိုတဲ့ ၀ိုင်းဆုခိုင်သိန်း

မိန်းကလေးပရိသတ်များ နှစ်ခြိုက်အားပေးခံရသည့် မျက်လှည့်အခွေကို ဗီစီဒီအမြန်ထွက်ရှိရန် ပြင်ဆင်နေပြီး အနုပညာအလုပ်တွေ၊ ဖျော်ဖြေရေးအလုပ်များနဲ့ မအားလပ်ဖြစ်နေတဲ့ ၀ိုင်းစုခိုင်သိန်းနဲ့ ဒီတစ်ပတ်တွေ့ပြီး မေးဖြစ်ခဲ့ပါတယ်။ ၀ိုင်းစုရဲ့ပြောစကားတွေကို ပရိသတ်နားဆင်ကြည့်ပါဦး။ 


မေး - ၀ိုင်းစုရဲ့ မျက်လှည့်ဗီစီဒီ ထွက်တော့မယ်ဆိုတော့ အခွေရဲ့အခြေအနေကို ပြောပြပေးပါလား။  
ဖြေ - အခွေက 'မျက်လှည့်' တစ်ပုဒ်ပဲ ရိုက်ဖို့ကျန်တော့တယ်။ ကျန်တာအားလုံး ရိုက်ပြီးပြီ။ တစ်လ၊ နှစ်လအတွင်းမှာ ထွက်ဖို့ လုပ်ထားတယ်။ 
မေး - မျက်လှည့်ဗီစီဒီထဲမှာ ဘယ်လိုပုံစံမျိုးတွေ ထည့်ပြီးရိုက်ထားလဲ။ 
 
ဖြေ - ၀ိုင်းစုက အစုံထည့်တယ်၊ ဇာတ်လမ်းပုံစံလေးတွေလည်း ထည့်တယ်။ အမ်တီဗီပုံစံမျိုးတွေလည်းထည့်တယ်။ 'မိန်းကလေးဘ၀၊ မိန်းကလေးအလှ' မှာဆို ၀ိုင်းစုရယ်၊ နန်းသူဇာနဲ့ စံရတီရယ် ရိုက်ထားတာပေါ့။ ပုံစံတစ်မျိုးဆန်းတယ်။ သာမန်မြင်နေကျ ပုံစံမျိုးမဟုတ်အောင် ရိုက်ထားတယ်။ ၀ိုင်းစုဘက်က အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားပေးထားပါတယ်။ 

မေး - အွန်လိုင်းကြောင့် အနုပညာအရ အကျိုးရှိတဲ့သူတွေရှိသလို၊ ကိုယ့်ပုဂ္ဂိုလ်ရေးကို ထိခိုက်တဲ့လူတွေလည်း ရှိတယ်လေ။ ၀ိုင်းစုလို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ကရော အွန်လိုင်းကို ဘယ်လိုမြင်ပါသလဲ။ 


ဖြေ - အွန်လိုင်းက ကောင်းတာလည်းရှိသလို မကောင်းတာပိုများသလိုပဲ။ အွန်လိုင်းရဲ့ အဓိကလူတွေက ယုတ်မာချင်တဲ့လူတွေ ပိုများလာတယ်။ ကိုယ်တစ်ခုခုလုပ်လိုက်လို့ သူတစ်ပါးထိခိုက်သွားမလားဆိုတာကို ဘယ်သူမှမကြည့်တော့ဘူး။ အထူးသဖြင့် Myanmar Celebrity.com ဆိုတာ လူတိုင်းလူတိုင်းမှာ ကြုံတွေ့တတ်တဲ့အရာတွေကိုပဲ အနုပညာရှင်တွေကိုပဲ အရမ်းကြီးကို ထွေထွေထူးထူးလုပ်ပြီး ပြောကြတယ်။ ဆိုကြတယ်။ ကိုယ်ကိုယ်တိုင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ၀ိုင်းစုကတော့ အဲလိုလူမျိုးတွေကို လေးလည်းမလေးစားဘူး။ ချီးလည်း မချီးကျူးဘူး။ စိတ်လည်းမ၀င်စားဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင်နေပါလို့ ပြောချင်တယ်။ သူများကိုပြောမယ်ဆို ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင်နေ၊ ကိုယ့်ကိုယ်ကိုယ် မှန်ပြီလားလို့ပြန်ကြည့်၊ ကြည့်ပြီးတော့မှ ပြောစေချင်တယ်။ 

မေး - တစ်ကိုယ်တော်ပွဲလုပ်ဖို့ရော စိတ်ကူးထားတာရှိလား။ ဘယ်တော့လောက် လုပ်ဖြစ်မလဲ။ 


ဖြေ - မလုပ်သေးပါဘူး။ မလုပ်သေးဘူးဆိုတာ စဉ်းစားထားတာပဲရှိသေးတယ်။ အခုက ပွဲတွေလည်းများတယ်လေ၊ One Lady Show တွေရော နိုင်ငံခြားက လာဆိုမှာတွေရော များတဲ့အခါကျတော့ စဉ်းစားထားတာပဲရှိတယ်။ သေချာကြီး မရှိသေးပါဘူး။ 

မေး - အခု ဂီတအစည်းအရုံးမှာ ခေတ်သစ်အလွှာကို တောင်းဆိုပြီး ရွေးချယ်နေကြပြီဆိုတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်မိပါသလဲ။ 


ဖြေ - အဲဒါကတော့ ဂီတအလွှာတွေ သတ်မှတ်တာတွေ သိပ်နားမလည်ဘူးပေါ့နော်။ ကိုယ့်ထက်ဝါရင့်တဲ့သူတွေ ကိုယ့်ရဲ့ရှေ့မှာလည်း အများကြီးရှိတယ်။ ကိုယ့်ထက် ၀ါရင့်တဲ့သူတွေ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ အားလုံးကိုမေးတယ်၊ တိုင်ပင်တယ်။ အားလုံးဖြစ်သင့်တဲ့ အရာတစ်ခုကို အကောင်အထည်ဖော်ကြတာပေါ့နော်။ 

မေး - ၀ိုင်းစုက ယောက်ျားတစ်ယောက်အပေါ်ကို စိတ်နာခဲ့ဖူးတဲ့သူဆိုတော့ အခုလက်ရှိချစ်သူကိုရော ဘယ်လိုသုံးသပ်မလဲ။ 


ဖြေ - ကောင်းပါတယ်။ သူက အရမ်းကောင်းတဲ့သူပါ။ အစ်မအပေါ် နားလည်းနားလည်တယ်။ စိတ်ထားလည်းပြည့်ဝတယ်။ ယောက်ျားပီသတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ အစစအရာရာ အားလုံးပြည့်စုံတဲ့သူပါ။ 

မေး - ၀ိုင်းစုက အခုဆို သရုပ်ဆောင်ဘက်မှာရော၊ အဆိုဘက်မှာပါ အောင်မြင်နေတော့ အဲ့ဒီအောင်မြင်မှုတွေကို ဘယ်လိုထိန်းသိမ်းသွားမလဲ။ 


ဖြေ - အဓိကကတော့ သရုပ်ဆောင်အနုပညာရှင်တစ်ယောက်က ကိုယ့်ရဲ့ကြိုးစားမှုက ကိုယ့်ဘက်က အားထုတ်ရတာပေါ့နော်။ ကျန်တာကတော့ ကံရယ်၊ စန်းရယ်နဲ့ အများကြီးဆိုင်ပါတယ်။ ကိုယ်ဘက်လောက်ပဲကြိုးစားကြိုးစား ကံရယ်၊ စန်းရယ်မရှိဘူးဆိုရင် ပရိသတ်လက်ခံမှာ မဟုတ်ဘူးလေ။ အဓိက အဲဒီ့နှစ်ခုပေါင်းစပ်ဖို့ပဲ လိုအပ်တဲ့အတွက်ကြောင့် ၀ိုင်းစုဘက်က တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပါတယ်။ 

မေး - ၀ိုင်းစုရဲ့ တတိယအခွေအဖြစ် 'အာဘွား' လို့ အမည်ပေးထားပြီးပြီဆိုတော့ ခွေထဲမှာ ဘယ်လိုသီချင်းမျိုးတွေထည့်ထားလဲ။ 'အာဘွား' လို့ Title ပေးဖြစ်ပုံကိုလည်း သိချင်ပါတယ်။ 


ဖြေ - ထွက်လာတဲ့အခါကျရင် နားထောင်ပေးပါလို့။ ပရိသတ်ကြိုက်မယ့် သီချင်းဖြစ်မယ်လို့ ထင်ပါတယ်။ ကိုမိုးမိုးရေးပေးထားတယ်။ ၀ိုင်းစုက ပရိသတ်ကို ပွဲတိုင်းပွဲတိုင်းမှာ အမြဲတမ်းနှုတ်ဆက်တယ်။ လာသမျှပရိသတ်ကြီးကို အားလုံး အာဘွားလို့ နှုတ်ဆက်လေ့ရှိတယ်။ အဲဒါကို သင်္ကေတအဖြစ် 'အာဘွား' လို့ပေးလိုက်တာပေါ့နော်။ 

မေး - ၀ိုင်းစုအနေနဲ့ ပရိသတ်ကြီးကို ပြောချင်တဲ့စကားရှိရင် ပြောပြပါလား။ 


ဖြေ - အခုလောလောဆယ်တော့ ဗီစီဒီရိုက်နေတယ်ပေါ့နော်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ထားပါတယ်။ မျက်လှည့်ဗီစီဒီ ထွက်လာတဲ့အခါကျရင်လည်း အားပေးပါဦးလို့၊ အခွေအစစ်ပဲ အားပေးပါလို့။ တကယ့်ကို ၀ိုင်းစုရဲ့ ရသမျှအနုပညာကြေး အဲဒီထဲကိုထည့်ပြီးတော့ ကုန်ကျခံပြီး ရိုက်ထားပါတယ်လို့။ 


No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ