Tuesday, September 25, 2012

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်၊ ဦးဆောင်လှုပ်ရှားသူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူမည်ဟု သိရ

စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက ''ဒီနေ့ဖြစ်သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီးမှုတွေ ပြုလုပ်ဆောင်ခဲ့ပေမယ့် သူတို့က လူစုမခွဲဘဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်ကအတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ ဘာမှမရှိနိုင်ဘူး''ဟု ပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုမြင်ကွင်းတစ်ခုကို တွေ့ရစဉ်
''ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာ ရှိနေဖို့အတွက် ဥပဒေဘောင်ထဲ ကနေ စောင့်ရှောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့်သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့အညီ မဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဖောက်ဖျက် တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈ အရ အရေးယူဖို့ ဆောင်ရွက်သွားမှာပါ''ဟု ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့ပါသည်။

ဒါပေမယ့် သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့ အညီမဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာမဟုတ်ပါဘူး  . . .
ထိုသို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည့်အကြောင်းအရာနှင့် ပတ်သက်၍ အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်နော်လှလှစိုးက ''ကျွန်မတို့ လုပ်ဆောင်တာအားလုံးက တရားဥပဒေဘောင်အတွင်းက လုပ်ဆောင်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာက လိုအပ်မှုရှိတယ် ခွင့်မပြုနိုင်ဘူးဆိုပြီး အကြောင်းကြားစာရရှိခဲ့တိုင်း စဉ်ဆက်မပြတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့ ပြုလုပ်ဖို့ တင်ပြထားတဲ့ အချိန်ကို ခွင့်ပြု ချက်မရရှိလို့ အခုလိုမျိုး ဖြစ်ရတာပါ။ ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်မှုတွေ ဒီခေတ်ဒီအခါမှာ အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော် ရဲ့ပေါ်လစီကို ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်တာပါ။ ဒီလိုမျိုး လုပ်ဆောင်လို့ ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိပါတယ်''ဟု ပြောပြခဲ့ ပါသည်။

မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့်ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည့် ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်များမှာ ထောင်ဒဏ်တစ်နှစ်(သို့မဟုတ်)ငွေဒဏ်သုံးသောင်း ကျပ်(သို့မဟုတ်)ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုကို တွေ့ရစဉ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း ''ကျွန်တော်နားလည်တဲ့ ဥပဒေက အများ ပြည်သူကို ကာကွယ်ပေးတဲ့ ဥပဒေပါ။ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့နိုင်ငံတစ်ခုမှာ ဒီနေ့လိုမျိုး ဆန္ဒဖော်ထုတ်တာမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ ပြီးတော့ လက်ရှိရှိနေတဲ့ဥပဒေကရော အမှန်တကယ် ဆန္ဒဖော်ထုတ်ခွင့်တွေကို ပေးထားလား၊ ချည်နှောင်မှုတွေ ရှိနေလားဆိုတာကို သိဖို့လိုပါတယ်။ ဒီနေ့ လုပ်ဆောင်တဲ့သူတွေဟာ ဆန္ဒဖော်ထုတ်ခွင့် တောင်းခဲ့တယ်။ မပေးလို့ အခုလိုမျိုး လုပ်ဆောင် ကြတာပါ။ ဥပဒေချိုးဖောက်ဖို့ဆိုတာထက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ပဲ သူတို့မှာ ဆန္ဒရှိကြတာပါ။ အစိုးရကို ဆန္ဒပြတာ မဟုတ်ဘူး။ ယာဉ်ကြောပိတ်ဆို့မှုဆိုတာက ဆန္ဒမပြလည်းပိတ်နေတာ လူတိုင်းသိပါတယ်။ ဆန္ဒဖော်ထုတ်ခွင့် မပြုခဲ့တာကိုပဲ အပြစ်တင်ချင်ပါတယ်။ ဆန္ဒပြတဲ့သူတွေရဲ့ အပြစ်မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ ဆောင်ရွက်တာကို ဥပဒေချိုးဖောက်တယ်ဆိုတဲ့ဟာနဲ့တော့ မချည်နှောင်စေချင်ဘူး။ တိုင်းပြည်အတွက် ငြိမ်း ချမ်းရေး ရရှိဖို့ တကယ်လိုအပ်နေပါတယ်''ဟု ပြောကြားခဲ့ပါသည်။
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်သူများသည် ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်နှင့် လှိုင် မြို့နယ်များရှိ လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ စီတန်း၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နည်းဥပဒေ ပေါ်ထွက်ပြီးသည်မှစ၍ ဆန္ဒဖော်ထုတ်ခွင့်လျှောက်ထားသည့် အကြိမ်ပေါင်း ၂၀ ရှိခဲ့ရာ ၈ ကြိမ်ခွင့် ပြုခဲ့ပြီး ၉ ကြိမ်ကို ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခဲ့ကြောင်းနှင့် ၃ ကြိမ်မှာ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားမှုပြန် လည် ရုပ်သိမ်းသွားကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းပေါင်း ၂၀ မှ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ပါဝင်တောင်းဆို ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့နယ်အသီးသီးရှိ ပြည်သူအများအပြားမှလည်း ဆန္ဒဖော်ထုတ်မှုအတွင်း ပါဝင်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့၌ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းပေါင်း ၂၀ မှ တောင်းဆိုချက် ၅ ချက်ပါ ကြေညာချက်တစ်ခုကို ယင်းနွေှ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါတောင်းဆိုချက်များမှာ (၁)ပြည်တွင်းစစ်ပွဲများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ပေးရန်၊ (၂)နိုင်ငံတော်သမ္မတမှ စစ်ပွဲများ ချက်ချင်းရပ်တန့်စေရေးအတွက် လက်တွေ့ တာဝန်ခံဆောင်ရွက်ရန်၊ (၃)လွှတ်တော်အရပ်ရပ်မှ စစ်ပွဲများ အမြန်ဆုံးရပ်တန့်စေရေးအတွက် သဘောထား ကြေညာချက်များ ထုတ်ပြန်ပေးရန်၊ (၄) အစိုးရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ စတင်၍ စစ်ပွဲများရပ်တန့်စေရေးအတွက် ချက်ချင်းအမိန့်ထုတ်ပြန်ပေးရန်နှင့် သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်များမှလည်း စစ်ပွဲရပ်အမိန့်များ ထုတ်ပြန်ပေးရန်၊ (၅)တရားရေးမဏ္ဍိုင်မှ စစ်ပွဲဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် ပါဝင်ဆောင်ရွက်ပေးရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကြေညာစာထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံအတွင်းတွင် နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ပွဲများမှာ ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ယခုရက်များအတွင်း တိုက်ပွဲများ ပိုမို ဆိုးဝါးပြင်းထန်နေခြင်း၊ စစ်ဘေးသင့်ဒေသခံများမှာ ၎င်းတို့၏ အိုးအိမ်စည်းစိမ်တို့ကို စွန့်ခွာထွက်ပြေးနေကြရခြင်းနှင့် အမျိုးသမီးများ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အများဆုံးပါဝင်သည့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ထိတ် လန့်ဖွယ်ရာ တိုးပွားလာနေခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။
တောင်းဆိုမှုတွင်ပါဝင်သော ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှာ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖြူရောင်တွဲလက်များ၊ ငြိမ်းချမ်းရေးကွန်ရက်၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ စိမ်းရောင်စို (မန္တလေး)၊ Youth For Social Change Myanmar ၊ Student Christian Movement ၊ Green Myanmar Environmental and Social Network ၊ Safety Net  ၊ လူငယ်အနုပညာကွန်ရက်၊  Myanmar ICT For Development Organization ၊ မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂ၊ ပွင့်လင်းကွန်ယက်(မွန်ပြည်နယ်)၊ ရှမ်းပြည်မျိုးဆက်အင်အားစု၊ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်ကွန်ရက်၊ ကျောက်မဲလူငယ်ကွန်ရက်(ရှမ်း-မြောက်)၊ ရန်ကုန်ပြည်သူ့အကျိုး ဆောင်ကွန်ရက်၊ ရန်ကုန်ဂီတလူငယ် များ၊ Interfaith Youth Coliation on Aids in Myanmar ၊ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း စသည်တို့ဖြစ်ကြောင်း သိရသည်။
အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ''စစ်တိုက်တဲ့အခါမှာ သူကပဲကိုယ့်ကိုသတ်သတ် ကိုယ်ကပဲ သူ့ကိုသတ်သတ် ကျွန်တော်တို့အားလုံးဟာ ညီအကိုမောင်နှမတွေပါ။ တိုင်းရင်းသား သွေးချင်းတွေသာ ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ကျွန်တော်တို့ပြည်သူတွေရဲ့ အားနဲ့ရအောင်ယူရပါမယ်''ဟု ပြောပြခဲ့ပါသည်။
ထိုသို့မြို့အနှံ့ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး ညနေ ၃ နာရီ ၀န်းကျင် အချိန်ခန့်တွင် ပြည်လမ်းအင်းယားကန်ပေါင်တွင် စုရပ်ပြုလုပ်၍ ယင်းနေရာ၌ပင် ပြည်တွင်း ငြိမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးသီချင်းများ သီဆိုဖျော်ဖြေခြင်း ငါးမိနစ်ခန့် ငြိမ်သက်မှုပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေး သင်္ကေတအထိမ်းအမှတ် အပြာရောင် မိုးပျံပူဖောင်းများ စုပေါင်းလွှတ်တင်ခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် တောင်းဆိုခြင်းနှင့် ငြိမ်းချမ်းရေး ကျောက်စာတိုင်စိုက်ထူခြင်းတို့ကို ပူး ပေါင်းလုပ်ဆောင်ခဲ့ကြသည်။
ငြိမ်းချမ်းရေးဆန္ဒပြုပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းစောင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို မန္တလေးမြို့ စိမ်းရောင်စို activities မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးမြတ်နိုးသူများ၊ စစ်ကို မလိုလားသူများ တက်ရောက်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ