Thursday, August 23, 2012

ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ရေကြီးမှုများဖြစ်ပေါ်နေ





ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ရေကြီးမှုများ ရက်ရှည်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ သနပ်ပင်မြို့သည် စစ်တောင်းမြစ်ရေကြီးမှု၏ အကျိုးဆက်ကို ပဲခူး-စစ်တောင်းတူးမြောင်းမှ တဆင့် ခံစားနေရခြင်းဖြစ်သည်။ ဤကဲ့သို့ ရေကြီးမှုများဖြစ်ပေါ်နေမှုကြောင့် သနပ်ပင်မြို့အထက်တန်းကျောင်း အပါအ၀င် စာသင်ကျောင်းအချို့ ပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရေအနည်းငယ် ပြန်လည်ကျဆင်းသွားသဖြင့် သနပ်ပင်မြို့ အထက်တန်းကျောင်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်သော်လည်း အချို့မှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သနပ်ပင်မြို့နယ်တ၀ိုက်မှ ရေကြီးမှုဒဏ်ခံစားနေကြရသည့် ဒေသများသို့ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက်လှူဒါန်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။ ရေကြီးမှုကြောင့် ပဲခူးနှင့် သနပ်ပင်အကြား ချိတ်ဆက်ထားသည့် ကားလမ်းမ၏ အချို့နေရာများတွင် ရေကျော်မှုများရှိခဲ့ပြီး ရေပြန်ကျသွားချိန်တွင် ရေကျော်မှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ကားလမ်းပျက်ဆီးမှုများ စံချိန်တင်ဖြစ်ပေါ်လျှက်ရှိသည်။
ပဲခူး-စစ်တောင်းတူးမြောင်း ဖြတ်သန်းသွားရာ သနပ်ပင်မြို့အပါအ၀င် ပဲခူးခရိုင်၊ ဝေါမြို့တွင်လည်း ရေကြီးမှုများ ခံစားနေကြရကြောင်း သိရသည်။ ပဲခူး-စစ်တောင်းတူးမြောင်း တိမ်ကောလာမှုကြောင့် စစ်တောင်းမြစ်ရေကြီးမှုဒဏ်ကို အဆိုပါ မြို့များ၌ သိသာစွာ ခံစားလာရခြင်းဖြစ်ကြောင်း သိရသည်။ တူးမြောင်းကို ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာမှ သနပ်ပင်မြို့နယ်၊ ရေတံခါးတာဝကျေးရွာ အထိ ဖြတ်သန်း ဖောက်လုပ်ထားပြီး အလျား(၃၈)မိုင် ရှည်လျားသည်။ ၁၈၈၅ ခုနှစ်၊ ရန်ကုန်-တောင်ငူမီးရထားလမ်း ဖွင့်လှစ်သည့်အချိန်ထိ ရန်ကုန်နှင့် တောင်ငူအကြား တစ်ခုတည်းသော လမ်းပန်းဆက်သွယ်ရေး ဖြစ်ခဲ့သည်။ ၁၈၈၈ ခုနှစ်ရောက်မှသာ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့ပြီး တူးမြောင်းဖောက်လုပ်ရာတွင် ငွေကျပ်သိန်းရှစ်ဆယ်ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
ယခင်က စစ်တောင်းမြစ်ဖျားပိုင်း ပဲခူးရိုးမဒေသမှ သစ်လုံးများ ရန်ကုန်မြို့သို့ပို့ဆောင်ရာတွင် အဆိုပါတူးမြောင်း ရေလမ်းခရီးကို အဓိကအသုံးပြုခဲ့သည်။ သစ်ဖောင်များအား စစ်တောင်းမြစ်ရေလမ်းခရီးမှ ပဲခူး-စစ်တောင်း တူးမြောင်းရေလမ်းခရီးဖြင့် ပဲခူးမြစ်အတွင်းသို့ ဖြတ်သန်းသယ်ဆောင်ကာ ရန်ကုန်မြို့သို့ ပို့ဆောင်ကြသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ