Thursday, August 23, 2012

သာပေါင်း၊ရေဘေးသင့်သူများ သောက်သုံးရေနှင့် အစားအစာအကူအညီ လိုအပ်လျက်ရှိနေ




သာပေါင်းမြို့နယ် ကျားရဲကျေးရွာမှ ကလေးငယ်များ ကယ်ဆယ် ရေးပစ္စည်းယူရန် သွားရောက်နေစဉ်။
ဓာတ်ပုံ၊ - ၊လွင်ကိုတိတ်
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် ပတ်ဝန်းကျင်ရှိ ရှင်ကြီးပျောက် ကျေးရွာ၊ ကျားရဲ ကျေးရွာ၊ ကျားရဲပျောက် ကျေးရွာ၊ ကတတ်ရိုးကျေးရွာ၊ မဏ္ဍိုင် ကျေးရွာနှင့် ၀င်္ကပါကျေးရွာတို့အား တစ်လကျော်နီးပါး မိုးရေကြီးခြင်း နှင့် မြစ်ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးအရေးပေါ် အကူအညီ များလိုအပ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်နှင့် အနီးတစ်ဝိုက် ရှိ ကျေးရွာများ၌ ဇွန်လတတိယပတ်မှ စတင်ခါ မိုးများ စတင်ရွာသွန်း လာခဲ့ပြီး နောက်ပိုင်း မိုးသည်းထန်ခြင်းကြောင့် နေအိမ်များ နစ်မြုပ်ခြင်း၊ ရေတိုက်စား ခြင်း၊ လယ်ယာမြေအားလုံး နီးပါး ရေလွှမ်း မိုးခံရခြင်းများ ကြုံတွေ့နေ ကြရသည်။
"နေလို့မရတော့ဘူး၊ ရေက ၀ါးတစ်ရိုက် ကျော်လောက် တက်နေတာလေ၊ အိမ် တွေမှာ ရေမြုပ်နေပြီး ခေါင်းမိုးနားကပ်ပြီး ဆင့်ရိုက်နေရတယ်၊ အ၀တ်တွေရေစိုနေ တာလည်း မခြောက်နိုင်၊ လဲရင် လဲ၊ ထိုင် ရင်ထိုင်၊ မှောက်လိုက် လှန်လိုက် နေနေရ တယ်။ မတ်တတ်ရပ်ချင်ရင် လှေနဲ့အပြင် ထွက်မှရတော့တယ်" ဟု အဆိုပါ ရေဘေးသင့်ဒေသများအား စေတနာ့ ၀န်ထမ်းအဖြစ်ကူညီနေသူ ဒေါ်နွယ်နွယ်က ပြောသည်။
ရှင်ကြီးပျောက်ကျေးရွာသည် လယ် ဧက စုစုပေါင်း ၅၈၀ နီးပါးရှိပြီး တစ်ဝက် ကျော်နီးပါးမှာ မိုးစပါးစိုက်ပျိုးပြီးဖြစ် သည်ဟု တောင်သူ များက ပြောသည်။ "မိုးစပါးစိုက်ဖို့ အစိုးရကထုတ်ချေးတဲ့ ကျပ် ၅၀,၀၀၀ လည်း ရပြီးပြီ။ ဒီမှာက ဆန်စပါးအထူးပြုကုမ္ပဏီလည်း မရှိဘူး၊ အခု စိုက်ထားသမျှ ရေထဲပါကုန်ပြီ။ အစအနတောင် ရှာမရဘူး။ ပြန်စိုက်ဖို့ငွေကို အတိုးပေးချေးရမှာ။ လယ်က တစ်ဧကကို မှ ကျပ်ခုနစ်သောင်းတောင် မမြတ်ဘူး။ အတိုးနဲ့စိုက်ရင် လုံးဝအရှုံးပဲ" ဟု ရှင်ကြီး ပျောက်ကျေးရွာမှ လယ် ၂၆ ဧကပိုင်ရှင် လယ်သမား ဦးမြင့်ဝင်းက ပြောသည်။

အဆိုပါ ရေလွှမ်းမိုးခံရသောဒေသခံ များ၏ ပြောပြချက်အရ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ် ယခုကဲ့သို့ ရေလွှမ်းမိုးခံခဲ့ရပြီး မည်သည့် အလှူရှင်မျှ ရောက်လာခြင်း မရှိကြောင်း ဒေသခံများက၊ ပြောသည်။ အဆိုပါ ရေလွမ်းမိုးခံရသောဒေသခံ များထံသို့ အစိုးရ တာဝန် ရှိသူများက တစ်နေ့နှစ်ကြိမ် ထမင်းထုပ်များ ဖြန့်ဝေခြင်းနှင့် တစ်အိမ်ထောင်လျှင် ဆန်လေး ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့သော်လည်း ဝေးလံလှသော အချို့ကျေးရွာများ၌ သောက်သုံးရေ ပြတ်လပ်ပြီး ဆန်လက်ကျန် နည်းပါးနေသည်ဟု ဒေသခံများ ထံမှ သိရသည်။
ရေဘေးသင့်သူများထံ မြန်မာ့လူမှု ကွန်ရက် ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင် ဦးနေမျိုးဇင် ဦးဆောင်သောအဖွဲ့အနေ ဖြင့် အဆိုပါ ရေဘေးသင့်ဒေသများအား ဆန်အိတ် ၁၁၀၊ ဆားထုပ် ၅၀၀၊ ၀ှိုက်ဘုတ် သုံးချပ်နှင့် ခေါက်ဆွဲ ၁၀ ဖာတို့ လှူဒါန်းခဲ့သည်။
"အခုလာလှူတဲ့ အလှူရှင်ကလည်း ရေလမ်းခရီးလာရတော့ သိပ်ဝေးပြီး ချောင်ကျတဲ့နေရာတွေ မရောက်ဘူး၊ တချို့နေရာတွေမှာ ၀မ်းရောဂါတွေတောင် ဖြစ်နေတယ်။ ဆန် နည်းလာတယ်။ ရေကကြီး၊ စားဖို့သောက်ဖို့ အဆင် မပြေတော့ ဆန်ပြုတ်ကို တွေ့ရာ ခရုတွေ နဲ့ ပြုတ်သောက်တော့ ၀မ်းလျှောတာပေါ့" ဟု ဒေါ်နွယ်နွယ်က ပြောသည်။
"နှစ်စဉ်ပုံမှန်ကတော့ စိုးရိမ်ရေမှတ် ကိုကျော်တယ်။ ၁၇ ပေ၊ နှစ်စဉ် ၁၉ ပေ၊ ပေ ၂၀ ကို ရောက်တယ်။ ၂၀၀၄ ခုနှစ်တုန်း က ၂၂ ဒသမ ၆၀ ပေအထိ ရောက်ခဲ့တယ်၊ အခု ရေမြင့်တက်တယ်ဆိုတာ ၂၁ ပေကို ဩဂုတ်လ ၁၃ ရက်နေ့က အမြင့်ဆုံး ရောက်ခဲ့တယ်။ ဟင်္သာတဘက်က စီးလာတဲ့ရေကို ကျွန်တော်တို့က သာပေါင်းက နေထပ်ပြီး ရေမစီးအောင်၊ တာမကျိုးအောင် ဆည်မြောင်းဝန်ထမ်း ရော၊ လူ ငှားထားတာရော ၂၄ နာရီ ကြည့်နေ ရတယ်။
သာပေါင်းက ရေမြုပ်ဧရိယာ (င်္ူသသိနိ ဗမနေ) လို့ သတ်မှတ်ထားတာ။ ဒီမှာရေကြီးတာ နှစ်စဉ်လိုလိုပဲ။ ဒါပေ မယ့် အဆိုးဆုံးက ၂၀၀၄ နဲ့ ၂၀၁၂ ပေါ့" ဟု မြန်မာ့ဆည်မြောင်းဦးစီးဌာန သာပေါင်းမြို့နယ် ရေမှတ်စာရေး ဦးကျော်တိုးက ပြောသည်။ အဆိုပါ သာပေါင်း မြို့နယ်၌ ကျေးရွာစုစုပေါင်း ၃၉၄ ရွာရှိပြီး ၃၁၄ ရွာ ရေနစ်မြုပ်ခဲ့သည်။ အဆိုပါရေနစ် မြုပ်နေသောရွာများ၌ လူဦးရေစုစုပေါင်း ၈၃,၉၇၄ ဦး နေထိုင်ပြီး ရေလွတ်ရာသို့ ပြောင်းရွှေ့နေရသူ ၂,၃၀၂ ဦးရှိသည်ဟု မြန်မာ့ဆည်မြောင်းဦးစီးဌာန သာပေါင်း မြို့နယ် ကောက်ခံထားသော အချက် အလက်များအရ သိရသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ