Monday, July 30, 2012

နယ်စပ်ဒေသရှိ ကချင်စစ်ပြေးဒုက္ခသည်များ မှီခိုနေရသော တရုတ်ဆေးဝါးများမှာ ကုသရာတွင် ထိရောက်မှုမရှိ


လိုက်ဇာဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေသခံတစ်ဦး။ ဓာတ်ပုံ-ကောင်းထက်
ကေအိုင်အိုထိန်းချုပ်ရာဒေသရှိ ကချင် စစ်ပြေးဒုက္ခသည်များ မှီခိုနေရ သော တရုတ်ဆေးဝါးများမှာ ကုသရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင် ကြောင်း လိုင်ဇာမြို့ရှိ လိုက်ဇာဆေးရုံ အုပ်ချုပ်ရေးမှူးက ပြောသည်။
"တိုက်ပွဲတွေ စဖြစ်ကတည်းက ဆေးဝါးတွေ ဒီဘက်ကနေသယ်လို့ မရ တော့ဘူး။ မြစ်ကြီးနား-ဗန်းမော် လမ်း ပိတ်ကတည်းက လုံးဝပြတ်သွား တာပဲ"ဟု အုပ်ချုပ်ရေးမှူး ဦးလျန်ဟိန်းက လိုက်ဇာမြို့တွင်ဇူလိုင်လ ၈ ရက်နေ့က ပြောသည်။
"တရုတ်ဆေးတွေက မတည့်တာတွေလည်းရှိတယ်။ ဘူးမှာတော့ သူ့ဂရမ်အရ တော့ဒီဘက်က ထိုင်း- မြန်မာ- အိန္ဒိယ ဆေးတွေနဲ့ တူတယ် လို့ ရေးထားတယ်။ ဒါပေမယ့် ကုလိုက်ရင် မပျောက်ဘူး" ဟု ၎င်းက ပြောကြားသည်။
လိုင်ဇာဆေးရုံမှာ တိုက်ပွဲစတင်ဖြစ် ကတည်းက စစ်ပြေးဒုက္ခသည်များအား စတင်ကုသပေးလျက်ရှိကာ ဆေးရုံလူနာ၏ ၈၀ ရာခိုင်နှုန်း မှာ စစ်ပြေးဒုက္ခသည် လူနာများဖြစ်ကြောင်းလည်း ဦးလျန်ဟိန်းက ပြောသည်။
တရုတ်ဆေးဝါးများ သုံးစွဲရာတွင်လည်း ဆေးကတ်နှင့် အညွှန်းတွင် တရုတ်စာဖြင့်သာ ရေးသားထားသဖြင့် ဆေး၏ ဘေးထွက် ဆိုးကျိုး များအား မသိနိုင်ဘဲ မှန်းဆကုသနေရသဖြင့် ရေရှည် တွင် လူနာများအတွက် ဆိုးကျိုးများလည်း ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
"အရင်တိုက်ပွဲမဖြစ်ခင်က နည်းနည်း စီသယ်လို့ရတယ်။ ဒါပေမယ့် အဲဒီတုန်း ကလည်းတွေ့ရင်တော့ ဖမ်းတာပဲ။ ခုကတော့ လုံးဝကို သယ်လို့မရတော့တာ။ "မရှိတော့လည်း သုံးနေရတာပဲ။အခက်အခဲကြားထဲက မဖြစ်ဖြစ်အောင် လုပ်နေရတာပဲ။ အကူအညီတွေအများ ကြီးလိုတယ်" ဟု ၎င်းက ပြောသည်။
ဆေးရုံတွင် ဆရာဝန်ဟူ၍မရှိဘဲ Licensed Medical Basic ဆိုသော တရုတ်ပြည်မှ အခြေခံဆေးသင်တန်းဆင်း ဆေးဆရာ ၁၉ ယောက်နှင့် သူနာပြု ၄၀ ရှိကာ တစ်ရက်လျှင် အတွင်းလူနာ ၅၀ နှင့် ပြင်ပလူနာ ၄၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။ ပြည်တွင်းမှ ဆေးဝါးများရရှိရန် အတွက် တရုတ်ပြည်နယ်စပ်မှ တစ်ဆင့် နည်းနည်းစီ သယ်ယူပါက ရရှိနိုင် ကြောင်းလည်း ပြောသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနား- ဗန်းမော်လမ်းမှာ တိုက်ပွဲများကြောင့် သွားလာမှုမရသည့်အတွက် ကေအိုင်အို ထိန်းချုပ်ရာ ဒေသများ ဖြစ်သော လိုင်ဇာနှင့် အခြားဒေသများသို့ သွားရောက်ရန် အတွက် မူဆယ်မှ တရုတ်ပြည်သို့ ၀င် ရောက်ကာ ထိုမှတစ်ဆင့် ကချင်ပြည် နယ်သို့ ပြန်လည်ဝင်ရောက်ရပြီး လမ်းတစ်လျှောက်တွင် တရုတ်ရဲအရာရှိ များ၏ စစ်ဆေးမှုများမကြာခဏရှိကာ ဆေးဝါးများ တွေ့ရှိ ပါက သိမ်းယူမှုများ ပြုလုပ်နေသည်။
"နည်းလမ်းရှာရင်တော့ ရမှာပါ။ အရေအတွက်အများကြီး မဟုတ်ဘဲ အိတ်တစ်အိတ်၊ ဂျက်ဖာတစ်ဖာလောက် သယ်ရင်တော့ ရနိုင် တယ်" ဟု ဦးလျန်ဟိန်းက ပြောသည်။ ဆေးရုံတွင် တက်ရောက်နေသောလူ နာအများစုမှာ ငှက်ဖျား၊ တီဘီနှင့် နာတာရှည် ရောဂါများ အပြင် မိုင်းထိ၍ ညာဘက်ခြေထောက်အား ဒူးအောက်မှ ဖြတ်လိုက်ရသော အသက် ၇၅ နှစ်အရွယ် လီဆူးအဘွားအိုတစ်ဦးနှင့် လက်ဗစ်ဗုံး ထိထားသော လူနာတစ်ဦးလည်း ပါဝင်သည်။
ဆက်လက်၍ ဦးလျန်ဟိန်းက ကြက်ခြေနီအမှတ်တံဆိပ်ဖြင့် ဆေးဝါး များတင်ဆောင်ထားသော ယာဉ်တစ်စီး လိုင်ဇာသို့ ရောက်ရှိလာ သော်လည်း ပါလာသည့် ဆေးဝါးများအားလုံး ပြန်လည် သယ်ဆောင်သွားခဲ့ရကြောင်း ပြောသည်။
"ကြက်ခြေနီအမှတ်တံဆိပ်ဆိုတာက တရားဝင်အဖွဲ့အစည်းတွေလေ။ သူတို့ အနေနဲ့ ဒီဘက်က ကေအိုင်အိုထိန်းချုပ် တဲ့ဒေသတွေမှာ တရားဝင်ကူညီလို့မရ ဘူးဆိုတဲ့ သဘောပဲဖြစ်မှာပါ"ဟု ဦးလျန် ဟိန်းက ပြောသည်။
"စစ်ပွဲဆိုတာ မကောင်းဘူးဆိုတာ အားလုံးသိတာပဲ။ ဒါပေမယ့် ခုလို သွေးထွက်သံယိုမဟုတ်ဘဲ ဆွေးနွေးမှု တွေ ပြုလုပ်စေချင်တယ်။ အေးချမ်းတဲ့ နိုင်ငံပဲဖြစ်စေချင်တယ်"ဟု ဦးလျန်ဟိန်း က ပြောသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ