Monday, July 16, 2012

Me N Ma Girls အဖွဲ့ ကမ္ဘာ့တေးဂီတ ဈေးကွက်ကို စတင်လျှောက်လှမ်းတော့မယ်


ထူးခြားတဲ့အနုပညာတင်ဆက်မှုတွေ ဖန်တီးလေ့ရှိတဲ့
Me N Ma Girls အဖွဲ့သားများ။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
အနုပညာ တင်ဆက်မှုပုံစံအမျိုးမျိုးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ Tiger Girls တစ်ဖြစ်လဲ Me N Ma Girls အဖွဲ့ဟာ အမေရိကန်နိုင်ငံ Power Music, Inc ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Mr Daniel Hubbert ရဲ့ ကမ်းလှမ်းမှုနဲ့အတူ နိုင်ငံတကာကို ဖြန့်ချိမယ့် တေးသီချင်းတွေကို တစ်နှစ် ခွဲစာချုပ်နဲ့ သွားရောက်ထုတ်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
၂၀၁၀ နှစ်ဆန်းပိုင်းကနေစပြီး Tiger Girls ဆိုတဲ့အမည်နဲ့ အနုပညာ လောကထဲကို ခြေလှမ်းစတင်ခဲ့သလို "Year of Tigers" ဆိုတဲ့ ပထမဆုံးတေးစီးရီးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပြီး နောက်မှာ တော့ ၂၀၁၁ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် Me N Ma Girls အမည်ပြောင်းပြီး သူတို့ရဲ့ ဒုတိယတေးစီးရီးဖြစ်တဲ့ 'မင်္ဂလာပါ' အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
"လေးလေးနက်နက်ကို ၀မ်းသာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အမွန်းတို့က သူများတွေလို ပရိုဂျူဆာနဲ့ မဟုတ်တော့ ကိုယ်ပိုင်အစွမ်းအစလေးတွေနဲ့ ပွဲက ဆိုလို့ရတဲ့ ငွေကြေးလေးတွေစုပြီး ထုတ်တဲ့ ဒုတိယမြောက်အခွေကနေ ရလာတဲ့ အခွင့်အရေးဆိုတော့ ပိုဝမ်းသာတယ်" လို့ အဖွဲ့ဝင် အမွန်းက ကမ်းလှမ်း ခံရတဲ့အပေါ် ပြောပါတယ်။
တေးသီချင်းပုံစံတွေကတော့ အီလက် ထရိုပေါ့ပ်လို အနောက်တိုင်ဂီတအငွေ့ အသက်တွေ ဖော်ကျူးလေ့ရှိတဲ့ Me N Ma Girls ဟာ ဖက်ရှင်ပိုင်းကိုတော့ စတိုင်သီးခြားလေးဖြစ်နေတယ်လို့ ထင်တယ်လို့ အမွန်းက ပြောပါတယ်။
"ဖက်ရှင်ကိုလည်း ကိုရီးယားဝေ့ဖ် ဘက် လုံးဝ မသွားထားဘူး။ အနောက်တိုင်းပုံလည်း သိပ်မသွားဘဲနဲ့ အမွန်းတို့ ပုံစံ သီးသန့်ကြီးဖြစ် တယ်လို့ ခံစားရတယ်။ "Pussy Cat Dolls နဲ့လည်း မတူသလို Girls Generation တွေနဲ့လည်း မတူဘူး။ သူတို့က တစ်ပုံစံတည်း တွေလေ။ ပြီးတော့ 2 NE 1 တို့လိုလည်း အ၀တ် အစားတွေက အချွန်အတက်တွေနဲ့ မဟုတ်ဘူး။ တူတဲ့အကွက်တော်တော် ရှားတယ်" လို့ သူက ဆိုပါတယ်။
ကမ္ဘာအထိပါ ထိုးဖောက်နိုင်မယ့် ဒီလို ကြုံတောင့်ကြုံခဲအခွင့်အရေးမျိုး ရလာတဲ့အခါ အဖွဲ့လိုက် တင်ဆက်ရမှာ ဖြစ်လို့ သူတို့ရဲ့ အရည်အချင်းအပေါ် အပြည့်အ၀ ယုံကြည်မှုရှိတယ်လို့ အမွန်း ကပြောပါတယ်။
"ကိုယ်ကျွမ်းကျင်တဲ့အရာကို သူများ လိုက်မမီနိုင်သလို သူများ တော်တဲ့အရာ မှာလည်း သူအဆင်ပြေချင်မှပြေမှာလေ။ အဲဒီတော့ ဒီငါးယောက်ရဲ့ ပုံစံတွေက တစ်မျိုးစီ၊ အားသာချက်တွေ ကလည်း တစ်မျိုးစီပေါ့နော်။ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ taste တစ်ခု ဖြစ်သွားမယ်လို့ထင်တယ်။ အဲဒါကြောင့် ယုံကြည်မှုကတော့ အပြည့်အ၀ရှိတယ်။ ကိုယ့်တစ်ယောက်တည်းဆိုရင်တော့ ဒီလို ယုံကြည်မှုရှိချင်မှ ရှိမှာပါ" လို့ သူက ပြောပါတယ်။
နိုင်ငံတကာအဆင့် အခွင့်အရေးဖြစ် တဲ့အတွက် ကြိုးစားဖို့ စိတ်အားထက်သန် မိပေမယ့် ကြုံတွေ့ရမယ့် အခက်အခဲ တွေအတွက် လည်း ကြိုတင်ပြင်ဆင်ထား ပါတယ်လို့ အမွန်းက ပြောပါတယ်။
"အမွန်းတို့အတွက်ကတော့ ကမ်းလှမ်းခြင်းခံရတာနဲ့တင် ကိုယ်ဝါသနာပါ တဲ့ အလုပ်ကိုလည်း လုပ်ရမယ်။ ပြီးတော့ သူတို့ရဲ့အနုပညာ ကိုလည်း သွားလေ့ လာခွင့်ရမယ်ဆိုတော့ အရမ်းကို တန်နေပါပြီ။ ဒါပေမယ့် ကိုယ်တွေက ဒီအခွင့် အရေးကို ရရဲ့သားနဲ့ မကြိုးစား လိုက်နိုင် ဘူးဆိုရင်တော့ ဒီဟာကို ငါတို့မရဘဲ တခြားသူတစ်ယောက်ရရင် ပိုကောင်း မှာပဲဆိုတဲ့ စိတ်တော့ ရှိမိမယ်ထင်တယ်" လို့လည်း သူက ပြောပါတယ်။
Me N Ma Girls ကို ကမ်းလှမ်းခဲ့တဲ့ Mr Daniel Hubbert က ကိုယ်ပိုင် အရည်အချင်းရှိတဲ့ အဖွဲ့လို့ ယုံကြည်ပြီး သူငယ်ချင်း တစ်ယောက် ဆီကနေ Me N Ma Girls အဖွဲ့အကြောင်းကို သိခဲ့ရတယ်လို့ အီးမေးလ်မှတစ်ဆင့် မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့ပါတယ်။
"အခုဆိုရင် အနောက်နိုင်ငံတွေမှာ အရည်အချင်းကို ထုတ်လုပ်နေတာတွေ များတယ်။ ဥပမာ- ချမ်းသာတဲ့သူတွေ ရဲ့သား၊ သမီးတွေက ကျော်ကြားမှုရဖို့ အတွက် သီချင်းတွေရေးကြ၊ တင်ဆက်မှုတွေ လုပ်ကြတယ်။ တကယ်တမ်းက ဆင်းရဲမှုတွေ၊ အခက်အခဲနဲ့ အနစ်နာခံမှု တွေထဲကနေ ထွက်ပေါ်လာတဲ့ တေးဂီတ တွေကသာ အကောင်းဆုံးပါ။ ကျွန်တော့ အထင်တော့ အခက်အခဲတွေ တွေ့နေရပြီး အဲဒါတွေက အနောက်တိုင်းဘ၀ နေထိုင်မှုပုံစံနဲ့ လုံးဝကွာခြားနေမှုတွေကြောင့် သူတို့တွေဆီက အကောင်းဆုံးတွေ ထွက်လာမယ်လို့ ထင်တယ်"လို့ Mr Daniel Hubbert ကပြောပါတယ်။
"ဒီက scene ကတော့ တော်တော် လေးပြောင်းနေပြီ။ ဈေးကွက်ကလည်း အရမ်းကို ကျဉ်းမြောင်းနေပြီ။ ကလေးတွေက Youtube, facebook, radio, TV စတဲ့ နေရာတွေကနေ ဂီတပုံစံအသစ် တွေကို ရှာနေကြတယ်။ ကျွန်တော်တို့ ဖန်တီးတဲ့သီချင်းသာ ပေါက် သွားရင်တော့ အောင်မြင်မှုလမ်းစရှာလို့ ရသွားသလို ပရိသတ်ကလည်း ကျွန်တော်တို့ကို တွေ့မြင်နိုင်မှာပါ" လို့ Mr Daniel Hubbert က အမေရိကန်နိုင်ငံရဲ့ ဂီတလောကအကြောင်းကိုပြောပါတယ်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ